ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က မကြာသေးမီကပဲ ယူရို ၁ဘီလီယံကျော် တန်ကြေးရှိတဲ့ ဘာနေဗျူးကွင်းသစ်ကြီးကို ဖွင့်လှစ်ထားသလို ဆုဖလား အောင်မြင်မှုတွေလည်း ဆက်တိုက် ရယူထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ၂၀၂၄ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်း အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင်နည်းပြချုပ် ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ထပ်မဖြစ်တော့သလို ကွင်းတွင်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် တာဝန်ရှိသူတွေရဲ့ စီးပွားရေးအကွက်မြင်မှုကြောင့် များပြားလှတဲ့ တန်ကြေးမြင့် စပွန်ဆာတွေကို ရရှိထားပါတယ်။

Photo Credit: Standard

များပြားလှတဲ့ တန်ကြေးမြင့် စပွန်ဆာတွေ ရထားသလို မကြာသေးခင်ကပဲ ဗြိတိန်အခြေစိုက် နာမည်ကြီးကုမ္ပဏီ INEOSကပါ ပူးတွဲပိုင်ရှင် ဖြစ်လာတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာတန်ကြေးတွေက တဟုန်ထိုး တက်သွားခဲ့ပြီး မြင့်မားလာတဲ့ ရှယ်ယာတန်ကြေးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းတန်ဖိုးကလည်း တက်လာခဲ့ပါတယ်။

နာမည်ကြီးသတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ၂၀၂၄ခုနှစ်ရဲ့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ဘောလုံးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ကြေးက ဒေါ်လာ ၆.၂ ဘီလီယံ အထိ ရှိနေကြောင်း သိရှိရပါတယ်။

Photo Credit: Reddit

၂၀၂၄ခုနှစ်ရဲ့ ဒုတိယမြောက်နဲ့ တတိယမြောက် တန်ဖိုးအရှိဆုံးအသင်းတွေက လာလီဂါ ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဖြစ်ကြပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တန်ကြေးက ဒေါ်လာ ၆.၀၆ ဘီလီယံ ရှိပြီး ဘာစီလိုနာကတော့ ၅.၂၈ ဘီလီယံ တန်ကြေး ရှိပါတယ်။

ကမ္ဘာပေါ်မှာ စတုတ္ထမြောက် တန်ဖိုးအရှိဆုံးအသင်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူး ဖြစ်ပြီး လီဗာပူးရဲ့ တန်ကြေးက ဒေါ်လာ ၅.၁၁ ဘီလီယံ ရှိကာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကတော့ တန်ကြေး ဒေါ်လာ ၄.၈ ဘီလီယံနဲ့ ပဉ္စမမြောက်တန်ကြေးအမြင့်ဆုံး အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။