ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ကိုး ပါလ်မာကတော့ သူငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားရချိန်မှာပဲ အမှတ်တရအဖြစ် စီနီယာ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကိုပါ စတင် ပိုင်ဆိုင်သွားခဲ့ရပါတယ်။

အသက် (၂၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားလေး ပါလ်မာဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ခပ်ငယ်ငယ်ကတည်းက မန်စီးတီး လူငယ်အကယ်ဒမီမှာ တက်ရောက်ခဲ့ပေမယ့် ငယ်စဉ်က သူအားပေးခဲ့တဲ့ အသင်းဟာ မန်ယူနိုက်တက်သာ ဖြစ်နေပါတယ်။

Photo Credit : The Secret Scout

အခုတော့ ပါလ်မာက သူ အားပေးခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရစဉ်မှာပဲ ပင်နယ်တီကနေ (၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့အပြင် သူ့အတွက် စီနီယာ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ဂိုးလည်း ဖြစ်စေပြီး ယူနိုက်တက်အတွက်လည်း အသည်းကွဲစေမယ့် ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

ပါလ်မာဟာ ဒီရာသီမှသာ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အခုဆိုရင် ပါလ်မာက ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ မထင်ထားလောက်အောင် တောက်ပနေနိုင်ပါတယ်။ ပါလ်မာက ဒီရာသီ ပရီးမီးယားလိဂ်မှာ (၂၅)ပွဲကစားထားပြီး (၁၆)ဂိုးသွင်း (၈)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

ဒါ့အပြင် ပါလ်မာဟာ ချယ်လ်ဆီးအသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူအဖြစ်ပါ တာဝန်ပေးခံထားရပြီး ပါလ်မာကိုယ်တိုင်ကလည်း သူကန်သွင်းရသမျှ ပင်နယ်တီတိုင်းကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်နေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း ပါလ်မာက ပင်နယ်တီကနေ (၈)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။

စီနီယာ ကစားသမားဘဝရဲ့ ပထမဆုံးသော ဟက်ထရစ်ကိုပါ ရရှိခဲဲ့တဲ့ ပါလ်မာဟာ အခုဆိုရင် ဂိုးသွင်းဘုရင်ဆုအတွက် သူ့အသင်းဖော်ဟောင်း ဟာလန်းကိုပါ အနီးကပ်ဆုံး ဖိအားပေးလာနိုင်ပြီဖြစ်ပြီး ဆာလာ ဆိုလန်ကီ ဝက်ကင်စ်တို့နဲ့ (၁၆)ဂိုးစီနဲ့ ဂိုးသွင်းအများဆုံး ဒုတိယနေရာမှာ ပူးတွဲရပ်တည်လို့နေပါတယ်။