လီဗာပူးလ်အသင်းရဲ့ နည်းပြရာထူးကနေ စွန့်ခွာသွားပြီဖြစ်တဲ့ နည်းပြကြီး ယာဂင် ကလော့ပ်ကို သူ အရမ်း လွမ်းဆွတ် သတိရနေလိမ့်မှာဖြစ်ကြောင်း မန်ချက်စတာ စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်တို့ဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကောင်းတွေအဖြစ် နှစ်အတန်ကြာ ယှဉ်ပြိုင်မှုတွေ ရှိခဲ့ပြီး အခုတော့ ကလော့ပ်က လီဗာပူးလ်နဲ့ လက်တွဲဖြုတ်ပြီး နည်းပြအလုပ်ကနေပါ နှစ်အနည်းငယ်လောက်အထိ အနားယူဖွယ်ပါ ရှိနေပါတယ်။

Photo Credit : So Foot

ဂွာဒီယိုလာက မန်စီးတီးနည်းပြအဖြစ် တာဝန်ယူနေစဉ်အတွင်း အသင်းအတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၆)ကြိမ်အထိ ရယူပေးနိုင်ခဲ့ပေမယ့်လည်း သူတို့အသင်းကို အမြဲဖိအားနေတက်တဲ့ အသင်းကတော့ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဖြစ်ပြီး ချန်ပီယံဆုအတွက်ကိုလည်း လီဗာပူးလ်နဲ့ အမြဲ ယှဉ်ပြိုင်နေရတက်ပါတယ်။

အခုတော့ ကလော့ပ်က လီဗာပူးလ်ကိုရော ပရီးမီးယားလိဂ်ပြိုင်ပွဲကိုပါ စွန့်ခွာသွားချိန်မှာ လီဗာပူးလ် အသင်းသားတွေ ပရိသတ်တွေနဲ့နည်းတူ သူရဲ့ပြိုင်ဘက် ဂွာဒီယိုလာလည်း စိတ်မကောင်းဖြစ်မိနေရပါတယ်။ “ကျွန်တော်တော့ သူ့ကို အရမ်း လွမ်းဆွတ်နေမိမှာ။ ယာဂင်က ကျွန်တော့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။”

Photo Credit : talkSPORT

“သူက ကျွန်တော့်ကို နည်းပြဘဝရဲ့ နောက်တစ်ဆင့်ထိ ရောက်ရှိအောင် တွန်းတင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့နှစ်ယောက် ကြားထဲမှာ တစ်ယောက်ကိုတစ်ယောက် လေးစားမှုအပြည့် ရှိကြတာကလည်း တကယ့်ကို အံ့မခန်းပါပဲ။ သူ တစ်ချိန်တော့ ပြန်လာလိမ့်မယ်လို့ ကျွန်တော် ခံစားမိပါတယ်။ သူရဲ့စကားတွေအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

ကလော့ပ်ကလည်း သူရဲ့ပြိုင်ဘက်ကြီး ဂွာဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးဖြစ်ကြောင်း ကမ္ဘာပေါ်က ဘယ်နည်းပြကမှ မလုပ်ဆောင်နိုင်ခဲ့တဲ့ (၄)ရာသီဆက်တိုက် အမှတ်ပေး ချန်ပီယံဆုကို ဂွာဒီယိုလာသာ ရယူနိုင်ခဲ့ကြောင်း အမွှမ်းတင် ပြောကြားခဲ့ပြန်ပါတယ်။