ရောဘတ် ဆန်းချက်ဇ်နဲ့ ပီထရိုဗစ်တို့လို ဂိုးသမားတွေ ပိုင်ဆိုင်ထားပေမယ့် ဒီဂိုးသမားနှစ်ဦးလုံးရဲ့ လက်စွမ်းပိုင်းတွေကို အားရ ကျေနပ်ခြင်းမရှိတဲ့ ချယ်လ်ဆီးအသင်းက အဲဗာတန် ဂိုးသမားဖြစ်သူ ဂျော်ဒန် ပစ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ချယ်လ်ဆီးက ဒီရာသီမှာပဲ ဂိုးသမား မန်ဒီကို ဆော်ဒီကလပ် အယ်လ်အာလီအသင်းဆီ ရောင်းချခဲ့သလို ကယ်ပါကိုလည်း ရီးယဲလ်အသင်းဆီ အငှားချခဲ့ပါတယ်။ ဒီဂိုးသမားနှစ်ဦးရဲ့နေရာမှာ ဘရိုက်တန်က ဂိုးသမား ဆန်းချက်ဇ်အပြင် မေဂျာလိဂ်ကလပ် နယူးအင်္ဂလန်က ဆာဘီးယား ဂိုးသမား ပီထရိုဗစ်တို့ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။

Photo Credit : The Athletic

ကနဦးပိုင်းကတော့ စပိန်ဂိုးသမား ဆန်းချက်ဇ်ကို အသင်းရဲ့ ဂိုးပေါက်အတွက် တာဝန်ပေးခဲ့ပေမယ့် ဆန်းချက်ဇ် ဒဏ်ရာရသွားပြီး နောက်ပိုင်းကတည်းက ပီထရိုဗစ်ကိုပဲ တောက်လျှောက် နေရာပေးခဲ့ကာ ဆန်းချက်ဇ်ကိုတော့ တစ်ခါတစ်လေမှပဲ ကစားခွင့်ပေးလာပါတော့တယ်။

ပီထရိုဗစ်က ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၆)အထိ ပါဝင်ခဲ့ရပေမယ့် စုစုပေါင်း ဂိုး(၄၀)အထိ ခွင့်ပြုထားရသလို (၅)ပွဲသာ Clean Sheets ရရှိခဲ့ပါတယ်။ ဆန်းချက်ဇ်ကတော့ ချယ်လ်ဆီးအတွက် (၂၁)ပွဲ ပါဝင်ထားရင်း ဂိုး(၃၀) ခွင်ပြုခဲ့ရကာ Clean Sheets (၅)ပွဲ ရယူထားခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီဂိုးသမားနှစ်ဦးလုံးရဲ့ စွမ်းဆောင်မှုတွေကို ကျေနပ်ခြင်းမရှိတဲ့ ချယ်လ်ဆီးက အာဆင်နယ် ဂိုးသမား ရမ်းစ်ဒဲလ်နဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်တို့ကို စတင် ပစ်မှတ်ထားလာခဲ့ပါတယ်။ ရမ်းစ်ဒဲလ်က လာမယ့်နွေမှာ အာဆင်နယ်နဲ့ သေချာပေါက် လမ်းခွဲဖို့ ရှိနိုင်ပေမယ့် ပစ်ဖို့ဒ်ကတော့ အဲဗာတန်ရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့်သာ အသင်းကနေ ရောင်းထုတ်ခံရနိုင်မယ့် အခြေအနေ ဖြစ်နေပါတယ်။

ချယ်လ်ဆီးက လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် ဂိုးသမားနှစ်ဦးကို စိတ်ဝင်စားနေပေမယ့် ရမ်းစ်ဒဲလ်ထက် ပစ်ဖို့ဒ်ကိုသာ အသင်းဆီ ပိုမို ခေါ်ယူသွားချင်နေပြီး ဒီရာသီမှာလည်း ပစ်ဖို့ဒ်က အာဆင်နယ် ဂိုးသမား ရာယာရဲ့ ပရီးမီးယားလိဂ် ဒုတိယမြောက် Clean Sheets အများဆုံး ဂိုးသမားလည်း ဖြစ်နေတဲ့အတွက် အဲဗာတန်သာ ပစ်ဖို့ဒ်ကို ရောင်းချမယ်ဆိုရင်တော့ ချယ်လ်ဆီး ပစ်ဖို့ဒ်ကို ရဖို့အတွက် ငွေထုတ်ပိုက်ပြီး ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။