ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ကင်စလေ ကိုးမန်းဟာ ဘိုင်ယန်နဲ့ ကိုလုံးတို့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲအပြင် ယူရို-၂၀၂၄ပြိုင်ပွဲကြီးအထိပါ လွဲချော်သွားရနိုင်ခြေပါ ရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၇)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဘယ်တောင်ပံကစားသမား ကိုးမန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာပြသာနာပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲစုံမှာလည်း (၂၇)ပွဲသာ ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : L’Union

ဘယ်တောင်ပံမှာရော ညာတောင်ပံမှာပါ လိုက်ပါကစားနိုင်တဲ့ ကိုးမန်းဟာ တကယ့်ကို အရည်အသွေးမြင့် winger ကစားသမားတစ်ဦးဖြစ်ပြီး ဘိုင်ယန်မှာလည်း ဆာနေး ဂနာဘရီတို့နဲ့အတူ အသင်းအတွက် အရေးပါသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်ကတော့ ဒီရာသီအတွက် သေရေးရှင်ရေးမက အရေးပါနေမယ့် အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ကွာတား ဒုကျော့ပွဲမှာပဲ ဂနာဘရီနဲ့ ကိုးမန်းတို့က ဒဏ်ရာပြသာနာ အသီးသီးကြောင့် လွဲချော်ရမှာဖြစ်ပြီး အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာလည်း အဝါကတ်ထိထားလို့ ပွဲပယ်ခံရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : AP News

ဒါ့အပြင် လောလောဆယ်မှာ ကြွက်သားဒဏ်ရာ ရရှိထားတဲ့ ကိုးမန်းဟာ ဘိုင်ယန်အသင်းရဲ့ ဒီရာသီ လက်ကျန်ပွဲတွေအားလုံးကိုပါ လွဲချော်ရတောမှာ ဖြစ်တဲ့အပြင် လာမယ့် ဇွန်လမှာ ကျင်းပသွားတော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကိုပါ လွဲချော်သွားရနိုင်ပါတယ်။

ကိုးမန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၅၅)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပြီး ယူရို-၂၀၂၀နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေအထိ ပါဝင် ဆင်နွဲခဲ့ဖူးသလို အခု ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို-၂၀၂၄ပြိုင်ပွဲကိုလည်း ပါဝင်သွားချင်မှာ သေချာနေတဲ့အတွက် ယူရိုအမီ ပြန်ကစားလာနိုင်ဖို့ကိုပဲ မျှော်လင့်နေပါတယ်။