ချယ်လ်ဆီးအသင်းဟာ မကြာခင်မှာပဲ ဖူလ်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဗဟိုခံစစ်ကစားသမားဖြစ်သူ တိုဆင် အဒါယာဘီအိုယိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်လျက် ရှိနေပြီလို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။

အားထားရတဲ့ ဝါရင့် ခံစစ်ကစားသမားကြီး သီယာဂို ဆေးလ်ဗားနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးလို့ အသင်းကနေ ထွက်ခွာပေးထားခဲ့ရတဲ့ ချယ်လ်ဆီးက အသင်းရဲ့ ခံစစ်ပိုင်းကို ပြန်လည် အားဖြည့်သွားဖို့အတွက် ပရီးမီးယားလိဂ်က ခံစစ်မှူးတစ်ဦးဖြစ်တဲ့ အဒါယာဘီအိုယိုကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Eurosport

အသက် (၂၆)နှစ်အရွယ် ခံစစ်ကစားသမား အဒါယာဘီအိုယိုဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ဖွား ကစားသမားတစ်ဦး ဖြစ်တဲ့အပြင် မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူလည်းဖြစ်ပြီး ၂၀၂၀ခုနှစ်ကတည်းက ဖူလ်ဟမ်အသင်းဆီ ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

အရပ်အမောင်း မြင့်မားပြီး အမြင့်ဘောကောင်းသူ ဖြစ်သလို လျင်မြန်ဖြတ်လတ်တဲ့ ခံစစ်မှူးတစ်ဦးဖြစ်တဲ့ အဒါယာဘီအိုယိုကို အလွတ်နဲ့ ခေါ်ယူဖို့အတွက် ချယ်လ်ဆီး အပါအဝင် မန်ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ကပါ အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ကြပြီး အခုတော့ ချယ်လ်ဆီးက အဒါယာဘီအိုယိုကို ရရှိဖို့ သေချာသလောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

နာမည်ကျော် အီတလီလူမျိုး ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ ချယ်လ်ဆီးအသင်းက အဒါယာဘီအိုယိုကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေပြီဖြစ်ပြီး အပြီးသတ် ညှိနှိုင်းမှုများကိုသာ ဆက်လက် ဆောင်ရွှက်လျက် ရှိနေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအနေနဲ့ အဒါယာဘီအိုယိုကို ခေါ်ယူနိုင်ပြီဆိုရင်တော့ အသင်းရဲ့ ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ ချာလိုဘာကိုပါ အသင်းကနေ ရောင်းထုတ်သွားဖို့လည်း ရှိနေပါတယ်။ ချာလိုဘာကိုတော့ လက်ရှိမှာ မန်ယူနိုက်တက်ကလည်း စိတ်ဝင်စားလို့နေပြီး ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်းလောက် ရရှိမယ်ဆိုရင် ချယ်လ်ဆိးဘက်က ရောင်းထုတ်သွားနိုင်ပါတယ်။