လတ်တလော ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲကစားချိန်တွေ နည်းပါးလာလို့ မပျော်မရွင် ဖြစ်နေရတဲ့ တောင်ကိုရီးယား ခံစစ်ကစားသမား ကင်မင်ဂျေးကို စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းက စိတ်ဝင်စားနေတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာ Gazetta dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် တောင်ကိုရီးယား လက်ရွေးစင် ခံစစ်မှူး ကင်မင်ဂျေးဟာ ဒီနွေရာသီမှ နာပိုလီကနေ ဘိုင်ယန်မြူးနစ်ဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဂျောင်းဝူးယောင်းပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့ ဒုတိယမြောက် တောင်ကိုရီးယား ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : FC Bayern

ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီအသင်းရဲ့ ခံစစ်တန်းမှာ လုံးဝ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကင်မင်ဂျေးကို မန်ယူနိုက်တက် လီဗာပူးလ်တို့လို ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ပေမယ့် ဒီအသင်းတွေထက် ဘိုင်ယန်က လက်ဦးမှု ရယူပြီး ယူရို (၅၈)သန်းတန် စာချုပ်ဖျက်သိမ်းကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကင်မင်ဂျေးဟာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၂၈)ပွဲအထိ ပါဝင်ကစားထားခဲ့ရတယ် ဆိုပေမယ့်လည်း ဘိုင်ယန်ရဲ့ နောက်ဆုံး (၅)ပွဲမှာ တစ်ပွဲကိုသာ ပွဲချိန်ပြည့် ကစားထားခဲ့ရပြီး (၂)ပွဲက ပွဲပြီးခါနီးမှ ဝင်ကစားခဲ့ရသလို နောက်(၂)ပွဲကလည်း အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

Photo Credit : TGRT Haber

ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်ကတော့ အသင်းရဲ့ ခံစစ်မှာ ဆောင်းဈေးကွက်မှ ခေါ်ယူထားတဲ့ အဲရစ် ဒိုင်ယာအပြင် ဒီလစ် အူပါမယ်ကာနိုနဲ့ ကင်မင်ဂျေးတို့ကို အလှည့်ကျ နေရာပေးနေပေမယ့် ကင်မင်ဂျေးက နောက်ဆုံး (၅)ပွဲထဲ တစ်ပွဲတည်းသာ ပွဲထွက်ကစားခဲ့ရတဲ့အပေါ် အတော်လေး စိတ်ပျက်နေခဲ့ပါတယ်။

ဒီလို မပျော်မရွှင် ဖြစ်လာတဲ့ ကင်မင်ဂျေးကို အင်တာမီလန်အသင်းက စောင့်ကြည့်မှုတွေ ပြုလုပ်လာခဲ့ပြီး တကယ်လို့ ကင်မင်ဂျေးအနေနဲ့ ဘိုင်ယန်ကနေ ထွက်ခွာဖို့အထိ ဆန္ဒရှိလာခဲ့မယ်ဆိုရင် နာပိုလီ ခံစစ်မှူးဟောင်းကို အီတလီ စီးရီးအေပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။