ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနွေမှာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေကို ခေါ်ယူဖြည့်တင်းထားရုံနဲ့ ဒီရာသီ ချန်ပီယံလိဂ်ဆုဖလားကြီးကို ထပ်မံ ရယူနိုင်ဖို့ကတော့ လွယ်ကူနိုင်မှာ မဟုတ်ဘူးလို့ မန်စီးတီး ကစားသမားဟောင်းကြီး ဆာဂျီယို အဂွဲရိုးက သုံးသပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ဖလားကို (၁၅)ကြိမ်မြောက် ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်က် ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ဒီနွေမှာပဲ ဘာပေလို ကစားသမားမျိုးကို အသင်းအတွက် ဖြည့်တင်းထားနိုင်ခဲ့လို့ ရီးယဲလ်က ဒီရာသီ ချန်ပီယံလိဂ်မှာ ထပ်မံ အောင်မြင်လာနိုင်တယ်လို့ဆိုတဲ့ ထင်ကြေးပေးမှုတွေ မြင့်တက်နေပါတယ်။

Photo Credit : La Razon

ရီးယဲလ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဗင်နီစီယပ်စ် ရိုဒရီဂို ဘယ်လင်ဟမ် ဘာပေတို့လို တကယ့် ဒိတ်ဒိတ်ကြဲ ကစားသမားတွေချည်းကိုပဲ ပိုင်ဆိုုင်ထားရတာမို့ အထင်ကြီးလောက်စရာ အနေအထားမျိုး ဖြစ်နေရပေမယ့် ကွင်းလယ်လူ တိုနီ ကရူးစ် အနားယူသွားခြင်းက အသင်း ကွင်းလယ်ပိုင်းအတွက် အားနည်းခဲ့ရသလို ဘာပေဆိုရင်လည်း စူပါဖလားမှာ ဂိုးသွင်းပြီး လာလီဂါ (၃)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်ခဲ့ရပါသေးတယ်။

အခုဆိုရင် ဘာပေဟာ ရီးယဲလ်အတွက် နောက်ဆုံး (၃)ပွဲဆက် ဂိုးတွေ ဆက်တိုက် သွင်းယူလို့ထားပြီး မနေ့ညက ချန်ပီယံလိဂ်ပွဲမှာပါ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်းကြီး အဂွဲရိုးကတော့ ရီးယဲလ်ဆီ ဘာပေ ရောက်လာခြင်းနဲ့ ပတ်သက်ပြီး “ချန်ပီယံလိဂ်အကြောင်း ပြောတော့မယ်ဆိုရင် ရီးယဲလ်မက်ဒရစ်ကို ဘယ်လိုမှ ဖယ်ထားလို့ မရနိုင်ပါဘူး။”

Photo Credit : Gazeta Lajm

“သူတို့အသင်းဆီကို ဘာပေ ရောက်လာခြင်းကတော့ ပိုပြီး ခြိမ်းခြောက်မှုကောင်းတဲ့ အသင်းဖြစ်လာအောင် လုပ်ပေးနိုင်လိမ့်မယ်။ ဘာပေက လာလီဂါမှာ ဂိုးသွင်းအများဆုံးဆုကို ရယူနိုင်ဖို့ သေချာချင် သေချာနေပါလိမ့်မယ်။ ကစားသမားတစ်ဦးတည်းကပဲ ခြားနားချက်တွေကို မလုပ်ဆောင်နိုင်ပါဘူး။”

“အသင်းတစ်သင်းလုံးက လုပ်ဆောင်မှပဲ ရမှာပါ။ ချန်ပီယံလိဂ်မှာ ချန်ပီယံဖလားကို ရရှိဖို့အတွက် ကြိုးပမ်း တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေလည်း အများကြီး ရှိနေပြီးတော့ သူတို့မှာလည်း ပိုင်ဆိုင်ထားတဲ့ ကစားသမားအင်အားကို အသုံးပြုပြီးတော့ အားသွန်ခွန်စိုက် အားထုတ်လာကြမှာပါ။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။