ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မော်ရိုကိုတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဇီရက်က မကြာသေးမီကမှ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုကို စတုတ္ထနေရာ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ရလာတဲ့ ဆုကြေးတွေကို သူ့ရဲ့ မွေးရပ်မြေ မော်ရိုကိုနိုင်ငံထဲမှာ ရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေဆီ ပြန်လည် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် မော်ရိုကိုကြယ်ပွင့် ဇီရက်က ဟာခီမီ ၊ အမ်ရာဘက် ၊ ဘူဖယ် ၊ ဘူနော့တို့နဲ့ လက်တွဲကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မော်ရိုကိုကို ဦးဆောင်ခဲ့သူ တဦး ဖြစ်ပြီး သူ့ရဲ့ အတိုးအလှုပ်တွေ ၊ ဖြတ်တင်ဘောတွေ ၊ တည်ကန်ဘော ကန်ချက်တွေနဲ့အတူ မော်ရိုကိုရဲ့ အဓိက တိုက်စစ် အသက်သွေးကြော ဖြစ်ခဲ့သူပါ။

Photo Credit: Goal

ဇီရက်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအတွက် ၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်ပါ ရရှိခဲ့ပြီး သူရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ မော်ရိုကိုဟာ အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းခွင့် ရခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ဇီရက်ဟာ ဆုကြေးငွေ ဒေါ်လာ ၂၇၈၀၀၀ အထိ ရရှိခဲ့ပြီး ဇီရက်ဟာ အဆိုပါငွေကြေးကို မယူခဲ့ပဲ သူ့ရဲ့ မွေးရပ်မြေ မော်ရိုကိုမှာ ရှိတဲ့ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဆင်းရဲနွမ်းပါးသူတွေဆီ ပြန်လည် လှူဒါန်းခဲ့ကြောင်း အာဖရိကတိုက် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Africa Facts Zone သတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: Goal

Africa Facts Zone သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇီရက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ ရခဲ့တဲ့ ဆုကြေးငွေ အားလုံးကို ပြန်လည် လှူဒါန်းခဲ့သလို ၂၀၁၉ခုနှစ်မှာလည်း မော်ရိုကိုနိုင်ငံတွင်းမှာ ရှိတဲ့ ကင်ဆာရောဂါသည်တွေ အတွက် ပေါင် ၁၈၅၀၀၀ လှူဒါန်းခဲ့ဖူးကြောင်း သိရပါတယ်။