ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးအတွက် သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသူ နည်းပြဇီဒန်းဟာ တကယ်လို့ ပြင်သစ်နည်းပြရာထူးကို မရရှိခဲ့ဘူးဆိုရင်တောင်မှ ကလပ်အသင်းနည်းပြအဖြစ်နဲ့ ဘောလုံးလောကထဲကို လာမယ့်နှစ်အတွင်းမှာပဲ ပြန်လည် ဝင်ရောက်လာလိမ့်မယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အားကစားဒါရိုက်တာ အားကစားအကြံပေးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဇီဒန်းဟာ မော်ရင်ဟို အန်စလော့တီတို့ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ရီးယဲလ် အရန်အသင်း နည်းပြ ရီးယဲလ်နည်းပြ ဖြစ်လာခဲ့ရတဲ့ ဇီဒန်းဟာ ဘောလုံးလောကအတွင်း ဘယ်နည်းပြကမှ မစွမ်းဆောင်နိုင်သေးတဲ့ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဆက်တိုက်အထိ ရယူပေးနိုင်ခဲ့သလို အချိန်တိုလေးအတွင်းမှာပဲ ရီးယဲလ်ရဲ့ legend player+coach တစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Marca

၂၀၂၁ခုနှစ် မေလမှာတော့ ရီးယဲလ်အသင်း နည်းပြရာထူးကနေ ဒုတိယအကြိမ်အဖြစ် စွန့်ခွာခဲ့တဲ့ ဇီဒန်းဟာ အဲ့ဒီနောက်ပိုင်းကတည်းက ဘယ်အသင်းကိုမှ မကိုင်တွယ်တော့ပဲ အခုအချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေပါတယ်။ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဇီဒန်းလို နည်းပြမျိုးကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတဲ့ အသင်းတွေ အများအပြား ရှိနေပေမယ့် ဇီဒန်းကိုယ်တိုင်ကတော့ သူ ကိုင်တွယ်ရမယ့် အသင်းကို အချိန်ယူပြီးသာ ရွေးချယ်လို့နေပါတယ်။ လတ်တလောမှာတော့ ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြရာထူးအတွက် သတင်းတွေ ထွက်ပေါ်လျက် ရှိနေရပြီး တကယ်လို့ လက်ရှိနည်းပြ ဒေ့ရှောင့်နဲ့သာ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်က ဇီဒန်းကို ဒေ့ရှောင့်နေရာမှာ အစားထိုးလာနိုင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါမှမဟုတ်ပဲ ပြင်သစ်ဘက်က သူတို့နည်းပြ ဒေ့ရှောင့်ကို ရာထူးက မထုတ်ပယ်ပဲ အသင်းနည်းပြအဖြစ် ဆက်လက် ထားရှိဦးမယ်ဆိုရင်တောင် ဇီဒန်းက လာမယ့် ဘောလုံးရာသီမှာပဲ ကလပ်အသင်း နည်းပြအဖြစ်နဲ့ ဘောလုံးနယ်ပယ်ထဲကို သေချာပေါက် ပြန်လည် ဝင်ရောက်လာလိမ့်မယ်လို့ သိရှိရပါတယ်။