ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အဓိက ဘယ်နောက်ခံလူ တဦး ဖြစ်သူ ဇင်ချန်ကိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရည်ရွယ်ကာ ကြိုးစားရမယ့် အချိန်ကို ရောက်ပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးက ပွဲပယ်ခံထားရတဲ့ ကစားသမားတွေ ၊ ဒဏ်ရာရထားတဲ့ ကစားသမားတွေကလွဲရင် လူစုံတက်စုံ ပါဝင် ကစားခဲ့ပါတယ်။

Photo Credit: Euro Sports

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်သင်းစလုံးက လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရထားတဲ့ အသင်းတွေပီပီ သူတို့နှစ်သင်းရဲ့ ပွဲစဉ်ကလည်း အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ဘတပြန် ၊ ကျားတပြန်နဲ့ တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ဒီတပတ်ရဲ့ အကောင်းဆုံးပွဲလို့တောင် ပြောလို့ ရပါတယ်။

ဒီပွဲမှာ အာဆင်နယ်က သူတို့ရဲ့ အိမ်ကွင်း ပရိသတ်အားကို အသုံးချပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဖိကစားနိုင်ဖို့ ကြိုးစားခဲ့သလို မန်ချက်စတာ ယူနိုက်တက်ကလည်း ရက်ဖို့ဒ်နဲ့ အန်တိုနီတို့လို လျင်မြန်တဲ့ တောင်ပံတိုက်စစ် ကစားသမားတွေကို အသုံးပြုကာ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် အာဆင်နယ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး အာဆင်နယ် အတွက် သွင်းဂိုးတွေကို အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြတဲ့ ဆာကာနဲ့ အန်ခီးတီးယားတို့က သွင်းယူပေးခဲ့ကြကာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကိုတော့ ရက်ဖို့ဒ်နဲ့ မာတီနက်ဇ်တို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Euro Sports

အာဆင်နယ် ၃-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာတော့ အာဆင်နယ်က အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ခွင့် ရခဲ့သလို ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကိုလည်း ရမှတ် ၅မှတ် အထိ ဖြတ်တောက်ထားနိုင်ပြီး အာဆင်နယ်ရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကိုကတော့ သူတို့အသင်းဟာ ချန်ပီယံဆု အတွက် ရည်ရွယ်ကာ ကြိုးစားရမယ့် အချိန်ကို ရောက်ပြီလို့ ပြောလာပါတယ်။

ဇင်ချန်ကိုက – “ကျွန်တော်က ကောင်လေးတွေကို ဒီပွဲမတိုင်ခင်ထဲက “တကယ်လို့ ငါတို့တွေ အနားယူသွားတဲ့ အချိန်မှာ ကိုယ် ရယူခဲ့သင့်တဲ့ ပျော်ရွှင်မှုတွေကို မရယူနိုင်ခဲ့ရင် နောင်တရနေကြရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ အသင်းသားတိုင်းက ကျွန်တော်တို့တွေ ကစားရမယ့် ပွဲစဉ်တွေ အများကြီး ရှိနေသေးတာကို သိကြပါတယ်။ ကျွန်တော်တို့က တဆင့်ချင်းစီ သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းက မှန်ကန်နေပါပြီ။ ဒါက အရေးကြီးတဲ့ အချက်တခုပါ။ ကျွန်တော်တို့အသင်းမှာ တိုးတက်ရမယ့် အရာတွေ အများကြီး ရှိသေးတာကို လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေသလို ကျွန်တော်တို့အသင်းမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်တဲ့ အရည်အသွေးတွေ ရှိပါတယ်။ ကျွန်တော်က အဝတ်လဲခန်းထဲမှာ ချန်ပီယံဆုအကြောင်း တွေးရမယ့် အချိန်ကို ရောက်ပြီလို့ ပြောခဲ့ပါတယ်။ အစကတော့ ကောင်လေး တချို့က ရယ်ခဲ့ကြပေမယ့် အခုတော့ သူတို့ မရယ်နိုင်ကြတော့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။