၂၀၂၁ခုနှစ်မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် ကနေ နုတ်ထွက်ခဲ့ပြီးနောက် အသင်းလက်မဲ့ နည်းပြတဦး အဖြစ် ၂နှစ်နီးပါး နေထိုင်လာခဲ့တဲ့ ဇနက်ဒင်း ဇီဒန်းက အသင်းသစ် ရှာဖွေဖို့ ခက်ခဲနေတာကြောင့် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဆီ တတိယအကြိမ် အဖြစ် ပြန်သွားဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် ပြင်သစ်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ဇနက်ဒင်း ဇီဒန်းက ကစားသမား ဘဝမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ အထိ အောင်မြင်မှုပေါင်း များစွာ သိမ်းပိုက်နိုင်ခဲ့သလို နည်းပြလောကထဲကို ဝင်ရောက်ချိန်မှာလည်း ရီးရဲလ်မက်ဒရစ်ကို ၂ကြိမ် တာဝန်ယူ ကိုင်တွယ်ခဲ့ရာမှာ ချန်ပီယံလိဂ် ဆုဖလား ၃လုံး အပါအဝင် မြောက်များစွာသော ဆုဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: BBC

ဇနက်ဒင်း ဇီဒန်းက ၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ ၄ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူ ကိုင်တွယ်ကာ သူ့ရဲ့ နည်းပြချုပ်ဘဝကို စတင်ခဲ့ပြီး သူက ၂၀၁၆ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ ရီးရဲလ်မက်ဒရစ်ကို ၃နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ရာ ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ်ဆက် ရခဲ့သလို အဆိုပါ ၃နှစ်တာ ကာလအတွင်းမှာ လာလီဂါ ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၂ကြိမ် ၊ ဥရောပ စူပါဖလား ၂ကြိမ် ၊ စပိန်စူပါဖလား ၁ကြိမ်တို့ကို ရခဲ့သလို ကမ္ဘာ့အကောင်းဆုံး နည်းပြဆုကိုလည်း ၂ကြိမ် ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ်ဆက် ရယူနိုင်ခဲ့ပြီးနောက် ဇနက်ဒင်း ဇီဒန်းက မိသားစုကို အချိန်ပေးဖို့ ဆုံးဖြတ်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ရာထူးကနေ နုတ်ထွက်ခဲ့ပေမယ့် နောက်ထပ် ၁နှစ်အကြာ ၂၀၁၉ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြရာထူးကို ပြန်လည် ရယူခဲ့ပြီး ဇီဒန်းက သူ့ရဲ့ ဒုတိယမြောက် ရီးရဲလ်မက်ဒရစ် ခရီးစဉ်မှာ လာလီဂါ ဆုဖလား ၁ကြိမ်နဲ့ စပိန်စူပါဖလား ၁ကြိမ်တို့ကို ရရှိခဲ့ပြန်ပါတယ်။

Photo Credit: BBC

အဲ့ဒီနောက် ၂၀၂၁ခုနှစ် ၊ ဇွန်လ ၃၁ရက်နေ့မှာတော့ ဇီဒန်းက ပြင်သစ်အသင်းရဲ့ နည်းပြချုပ်ရာထူးကို ရယူချင်တာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ်ရာထူး ကနေ နုတ်ထွက်ကာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်ခဲ့ပေမယ့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဇီဒန်းကို နည်းပြသစ် အဖြစ် မခန့်ခဲ့သလို လက်ရှိနည်းပြ ဒက်စ်ချမ့်ကိုပဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန် အထိ အသင်းကို ဆက်လက် ကိုင်တွယ်ဖို့ တာဝန်ပေးခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇီဒန်းက ပြင်သစ်နည်းပြရာထူးကို မရခဲ့တဲ့နောက် ကလပ်အသင်းတွေကို နည်းပြဖို့ ပြန်လည် စဉ်းစားလာပြီး ဇီဒန်းဟာ သူ့ရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ မာဆေးလ်နဲ့ ဂျူဗင်တပ်တို့ကို တာဝန်ယူ ကိုင်တွယ်ချင်နေပေမယ့် ဂျူဗင်တပ်နဲ့ မာဆေးလ်တို့က ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်စွမ်း မရှိတာကြောင့် ရီးရဲလ်မက်ဒရစ်ဆီ တတိယအကြိမ် အဖြစ် ပြန်သွားဖို့ပါ စဉ်းစားထားကြောင်း သိရပါတယ်။