ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ရဲ့ နည်းပြဖြစ်သူ ဒီဇာဘီကတော့ သူ့ရဲ့ တပည့်ဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရတဲ့ ရှက်တာဒိုးနက် လူငယ်ကြယ်ပွင့် မူဒရစ်ခ်ဟာ ရွှေဘောလုံးဆုကို ရယူနိုင်စွမ်း ရှိတဲ့ ကစားသမားမျိုး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ယူကရိန်း လက်ရွေးစင် လူငယ် တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်က ရှက်တာဒိုးနက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူဟာ ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးထားရာ ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

မူဒရစ်ခ်က တဦးချင်း လိမ်ခေါက်ဖြတ်ကျော်ရာမှာ ထူးချွန်သလို သူ့ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုတွေ ၊ ဖြတ်တင်ဘောတွေနဲ့အတူ ပြိုင်ဘက်ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်စွမ်း ရှိကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အာဆင်နယ်က မူဒရစ်ခ်ကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

ရှက်တာဒိုးနက်ရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို မူဒရစ်ခ်ရဲ့ ဆရာဟောင်းလည်း ဖြစ်တဲ့ ဒီဇာဘီကတော့ မူဒရစ်ခ်ဟာ ရွှေဘောလုံးဆုကို ရယူနိုင်စွမ်း ရှိတဲ့ အလားအလာမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး မူဒရစ်ခ်ကို လိုချင်တဲ့ အသင်းဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးရလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဒီဇာဘီက – “မူဒရစ်ခ်ဟာ အတော်လေးကို ကောင်းတဲ့ ကစားသမား တယောက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘရိုက်တန်ကတော့ သူ့ကို မခေါ်နိုင်ပါဘူး။ ကျွန်တော်က မူဒရစ်ခ်ကို သဘောကျပါတယ်။ မူဒရစ်ခ်မှ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ တပည့်ဟောင်းတွေ အကုန်လုံးကို သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်က မူဒရစ်ခ်ကို ဘရိုက်တန်ဆီ မခေါ်နိုင်ပါဘူး။ အာဆင်နယ်က သူ့ကို ခေါ်နိုင်မလား ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူးဗျ။ ကျွန်တော်ကတော့ မူဒရစ်ခ်ဟာ အနာဂတ်မှာ ရွှေဘောလုံးဆုကို ရယူနိုင်စွမ်း ရှိတဲ့ ကစားသမား တယောက်လို့ မြင်ပါတယ်။ ကျွန်တော်က မူဒရစ်ခ်ရဲ့ တန်ကြေးကို သိပါတယ်။ မူဒရစ်ခ်က ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်သူပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။