မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ရန်ကုန် ယူနိုက်တက်အသင်းက လာမယ့် ဘောလုံးရာသီအတွက် ကစားသမားသစ် (၂)ဦးကို ဒီရက်ပိုင်းအတွင်းမှာပဲ ခေါ်ယူဖြည့်တင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီကစားသမားသစ်တွေကတော့ ဝါရင့် ဂိုးသမားကြီး ပြည့်ဖြိုးအောင် နဲ့ ကွင်းလယ်ခံစစ် ကစားသမား ဝေလင်းအောင်တို့ပဲ ဖြစ်ပါတယ်။

Photo Credit : Yangon United FC Facebook

ရန်ကုန်ယူနိုက်တက်ဟာ ၂၀၂၄ ဘောလုံးရာသီသစ်အတွက် ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဟံသာဝတီအသင်းရဲ့ ဂိုးသမားကြီး ပြည့်ဖြိုးအောင်ကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူသွားခဲ့ပါတယ်။ ၂၀၁၁ခုနှစ်ကတည်းက မြန်မာ့ လက်ရွေးစင်အသင်းမှာ ကစားခွင့်ရခဲ့တဲ့ ပြည့်ဖြိုးအောင်ဟာ လက်ရှိမှာတော့ အသက် (၃၃)နှစ်အရွယ်လည်း ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနေရှင်လိဂ်ပြိုင်ပွဲ စတင် ကျင်းပချိန်ကတည်းက ဆောက်သမ်းမြန်မာအသင်းမှာ ပါဝင်ကစားခဲ့တဲ့ ဂိုးသမား ပြည့်ဖြိုးအောင်ဟာ ဆောက်သမ်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ခဲ့ရင်း အဲ့ဒီကမှ ဟံသာဝတီ အခု ရန်ကုန်ကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Yangon United FC Facebook

ဒုတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ကွင်းလယ်ခံစစ် ကစားသမား ဝေလင်းအောင်ကိုလည်း ဒဂုံစတားအသင်းကနေ တစ်ရာသီ စာချုပ်နဲ့ ခေါ်ယူလိုက်ပါသေးတယ်။ လူငယ် ကစားသမားတစ်ဦးဖြစ်တဲ့ ဝေလင်းအောင်က အား/ကာသိပ္ပံအသင်းနဲ့အတူ ၂၀၁၉ခုနှစ်မှာပဲ မြန်မာနေရှင်နယ်လိဂ်တွင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

(၃)နှစ်အကြာမှာတော့ ဒဂုံစတားအသင်းဆီ ရောက်ရှိခဲ့ပြီး ဒဂုံစတားနဲ့ (၂)ရာသီ ဖြတ်သန်းအပြီးမှာပဲ ရန်ကုန်လို ကလပ်အသင်းကြီးဆီ ပြောင်းရွှေ့ကစားခွင့် ရရှိခဲ့ပါတယ်။ ရန်ကုန်အသင်းကတော့ လာမယ့် ဘောလုံးရာသီသစ်မှာ (၄)ရာသီဆက်တိုက်အထိ ဝေးကွာနေရတဲ့ နေရှင်နယ်လိဂ်ဖလားကြီးကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။