ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ် ကနေ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ဂရာနစ် ချာကာက သူဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် အာဆင်နယ်ကို စွန့်ခွာခဲ့တာပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဆွစ်ဇာလန် အသင်းခေါင်းဆောင် ဂရာနစ် ချာကာက ၂၀၁၆ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ အာဆင်နယ်မှာ ကစားခဲ့သူ ဖြစ်ပြီး သူက ၇နှစ်တာ ကာလအတွင်းမှာ အာဆင်နယ်အတွက် ၂၉၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၃ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Bayer Leverkusen

ချာကာက အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ၂ကြိမ် ၊ ကွန်မြူနတီဒိုင်း ၂ကြိမ် စုစုပေါင်း ဆုဖလား ၄လုံး အထိ ရယူနိုင်ခဲ့ပြီး လေဗာကူဆင်က ချာကာအတွက် အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ပေးချေခဲ့ရပြီး ချာကာဟာ လေဗာကူဆင်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ချာကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်ရဲ့ မရှိမဖြစ် ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေက ချာကာ တယောက် အသင်းကို ရုတ်တရတ်ကြီး စွန့်ခွာသွားတဲ့ အတွက် အံ့အားသင့်နေကြပါတယ်။

Photo Credit: Straits Time

ဒါ့အပြင် တချို့ အာဆင်နယ် ပရိသတ်တွေက ချာကာ တယောက် သူတို့အသင်းကနေ ထွက်ခွာသွားတာဟာ ချာကာရဲ့ ဇနီးဖြစ်သူ လီယိုနီတာရဲ့ စနက်တွေကြောင့် ဖြစ်မယ်လို့ စွပ်စွဲနေကြပြီး ချာကာကတော့ သူ အာဆင်နယ်ကို စွန့်ခွာခဲ့တာဟာ သူ့ဇနီးကြောင့် မဟုတ်ပဲ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့်သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။

ချာကာက – “ကျွန်တော့်ရဲ့ ဇနီးက အင်္ဂလန်နိုင်ငံမှာ မပျော်တော့လို့ ကျွန်တော်က အသင်းပြောင်းခဲ့တာ ဆိုတဲ့ ကောလာဟလ သတင်းတွေ အများကြီး ထွက်နေပါတယ်။ အဲ့ဒီသတင်းတွေက မမှန်ပါဘူး။ ကျွန်တော်က စိန်ခေါ်မှု အသစ်တွေကို သဘောကျတတ်တဲ့ လူတယောက်ပါ။ ဒါကြောင့် အာဆင်နယ်မှာ ၇နှစ် ကစားပြီးနောက် ကျွန်တော်က စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အချိန်ကျပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်အတွက် ဘွန်ဒက်လီဂါဆိုတာ လိဂ်အသစ် တခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က မကစားဖူးသေးတဲ့ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ ကစားခွင့် ရခဲ့ပါတယ်။ ပြီးတော့ ဆိုင်မွန် ရိုဖီ (လေဗာကူဆင် အားကစားဒါရိုက်တာ) ၊ ဇာဗီ အလွန်ဆိုတို့နဲ့ လုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေကလည်း အရမ်းကို ကောင်းခဲ့ပါတယ်။ လေဗာကူဆင်ရဲ့ အနာဂတ် စီမံကိန်းတွေကလည်း ကျွန်တော်နဲ့ ကိုက်ညီတယ်လို့ ထင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က အာဆင်နယ်ကနေ လေဗာကူဆင်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။