စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ပြိုင်ဘက် ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ ပီအက်စ်ဂျီအပေါ် ပစားပေးလွန်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ အင်းနရစ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီတို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့စဉ်က ဘာစီလိုနာဟာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် ဒုတိယအကျော့ အဖြစ် စပိန်မြေမှာ ကစားတဲ့ ပွဲစဉ်မှာ ဘာစီလိုနာက အနည်းဆုံး သရေရလဒ် ရယူနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး ပီအက်စ်ဂျီကတော့ ဘာစီလိုနာကို အဝေးကွင်းမှာ အနိုင်ရလဒ် ရရှိမှသာ နောက်တဆင့်ဆီ တက်လှမ်းနိုင်မှာပါ။

Photo Credit: Sky Sports

နှစ်သင်းစလုံးက ဆီမီးဖိုင်နယ်ဆီ တက်ရောက်ချင်ကြတာကြောင့် အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင်ရလဒ် ရရှိရေး အတွက် ကြိုးစားခဲ့ကြပြီး ပွဲအစ ၁၂မိနစ်မှာ ယာမယ်လ်ရဲ့ ပေးပို့မှုကို ရာဖင်ညာက အလိုက်သင့် ပိတ်သွင်းကာ ဘာစီလိုနာ အတွက် ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့ပါတယ်။

အဝေးကွင်းမှာ ၁ဂိုးအသာနဲ့ နိုင်ထားသလို ဒုတိယအကျော့မှာ ဦးဆောင်ဂိုးပါ စရခဲ့တာကြောင့် ဘာစီလိုနာက ဆီမီးဖိုင်နယ်ဆီ တက်နိုင်ဖို့ အရေးသာခဲ့ပေမယ့် ပွဲချိန် ၂၈မိနစ်မှာတော့ ဘာစီလိုနာ ခံစစ်မှူး အာရူဟိုက ပီအက်စ်ဂျီ လူငယ်ကြယ်ပွင့် ဘာကိုလာကို ဂိုးမသွင်းနိုင်အောင် တားဆီးရင်း ကနေ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: Forbes

တယောက်လျော့သွားပြီးနောက် ဘာစီလိုနာရဲ့ စိတ်ဓာတ်ပိုင်းရော ၊ ကစားပုံပါ အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ သွင်းဂိုးတွေ လိုအပ်နေတဲ့ ပီအက်စ်ဂျီက ဒမ်ဘီလီ ၊ အမ်ဘာပေနဲ့ ဗိုင်တင်ညာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘာစီလိုနာကို ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ ၁-၄ ပီအက်စ်ဂျီ ပွဲအပြီးမှာတော့ ဇာဗီက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ် ဝေဖန်သွားခဲ့သလို ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့် သူတို့က ပြိုင်ပွဲကနေ ထွက်ခဲ့ရတာလို့ ဆိုလာပါတယ်။ ဇာဗီက – “ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ် ခရီးစဉ်က ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့် ရပ်တန့်သွားခဲ့ရတာဟာ အတော်လေး ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျွန်တော်ကတော့ ကွင်းလယ်ဒိုင်ကို ခင်ဗျားက ကျွန်တော်တို့ကို ဒုက္ခပေးခဲ့တဲ့လူလို့ ပြောခဲ့ပါတယ်။ ဒါက အမှန်တရားပါပဲ။ ကျွန်တော်တို့က ပွဲအကြောင်းကို ဆွေးနွေနေရင် အလကားပါပဲ။ ကွင်းလယ်ဒိုင်က အရာအားလုံးကို ဖျက်ဆီးခဲ့တာပါ။ ကျွန်တော်တို့က မတရားခံလိုက်ရတဲ့ အပေါ် ငြိမ်ခံနေစရာအကြောင်း မရှိပါဘူး။ အနီကတ်က ပွဲရဲ့အဖြေကို ပြောင်းလဲပေးသွားခဲ့တာပါ။ ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးက ထူးဆန်းလွန်းနေပါတယ်။ ကျွန်တော်က တခြားစကားလုံး တခုအစား “ထူးဆန်းတယ်” ဆိုတဲ့ စကားလုံးကိုပဲ သုံးခဲ့တာပါ။ (ပီအက်စ်ဂျီကို ဒိုင်ကူခဲ့တယ် ဆိုပြီး တိုက်ရိုက် ပြောချင်တာပါ) ” လို့ ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။