စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် နာပိုလီကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄-၂နဲ့ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် သူဟာ ချန်ပီယံလိဂ် ဆုဖလားကို ရခဲ့ရင်တောင် ဘာစီလိုနာမှာ ဆက်နေမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ နာပိုလီတို့က ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲ အဖြစ် နေပယ်လ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့မှာ နိုင်ပွဲ ရတဲ့ အသင်းက ကွာတားဖိုင်နယ် အဆင့်ဆီ တက်ရောက်နိုင်မှာပါ။

Photo Credit: Goal

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အနိုင်ရဖို့ အတွက် အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးခဲ့ကြပြီး ဘာစီလိုနာက ပွဲစတာနဲ့ လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲအစ မိနစ် ၂၀ အတွင်းမှာပဲ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ကာ ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးတွေကို ပွဲချိန် ၁၅မိနစ်နဲ့ ၁၇မိနစ်တွေမှာ လိုပက်ဇ်နဲ့ ကန်ဆယ်လိုတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

နှစ်ဂိုးပြတ် ဦးဆောင်ခံခဲ့ရပြီးနောက် နာပိုလီက ချေပဂိုးတွေ ပြန်ရဖို့ တိုက်စစ်ဖွင့် ကစားလာခဲ့ပြီး ပွဲချိန် ၃၀မိနစ်မှာ နောက်ခံလူ ရာမာနီက နာပိုလီအတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။ ၂-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူကာ ပွဲကို ထိန်းချုပ် ကစားဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၈၃မိနစ်မှာ ရော်ဘတ် လီဝန်ဒေါစကီးက ဘာစီလိုနာ အတွက် အနိုင်သေချာစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာက အိမ်ကွင်းမှာ နာပိုလီကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄-၂နဲ့ နာပိုလီကို နောက်ကောက်ချကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီး ပွဲပြီးချိန်မှာတော့ သတင်းထောက် တဦးက ရာသီကုန်မှာ ဘာစီလိုနာနဲ့ လမ်းခွဲတော့မယ်လို့ ကြေညာထားတဲ့ ဇာဗီကို အကယ်၍ ချန်ပီယံလိဂ် ဆုဖလားသာ ရခဲ့ရင် ဘာစီလိုနာမှာ ဆက်နေဖြစ်မလားလို့ မေးမြန်းခဲ့ရာ ဇာဗီကတော့ မနေတော့ဘူးလို့ ပြတ်ပြတ်သားသား ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဇာဗီက – “ခင်ဗျားတို့က ကျွန်တော့်ကို ချန်ပီယံလိဂ်ဖလား ရရင် ဘာစီလိုနာမှာ ဆက်နေမလားလို့ ခဏခဏ မေးကြတယ်နော်။ အဲ့ဒီမေးခွန်းတွေ အတွက် တခါထဲ ဖြေပေးပါ့မယ်။ အဖြေကတော့ Noပါ။ ကျွန်တော်က ချန်ပီယံလိဂ်ဖလား ရရင်တောင် ဘာစီလိုနာမှာ ဆက်နေမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်က အပြောင်းအလဲ မရှိနိုင်တော့ပါဘူး။ ကျွန်တော်က ရာသီကုန်တာနဲ့ အသင်းကနေ ထွက်ခွာတော့မှာပါ။ ကျွန်တော်က ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို စိတ်ဝင်တစား အားပေးသွားဦးမှာပါ။ ဒါပေမယ့် နောက်နှစ်မှာ ပရိသတ် တယောက်အနေနဲ့ပဲ စောင့်ကြည့်သွားဖို့ ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။