စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ်ရဲ့ လက်ထိဘော အတွက် ပင်နယ်တီ ရခဲ့သင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာက ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက ဒဏ်ရာရနေတဲ့ ကစားသမားတွေ ၊ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေကလွဲရင် ကျန်တဲ့ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: SPORT

ဘာစီလိုနာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက ဘောလုံးရတာနဲ့ တိုက်စစ်ဆင်ဖို့သာ ကြိုးစား ကစားခဲ့ပြီး နှစ်သင်းစလုံးက အပိုင်ဂိုးသွင်းခွင့် ၅ကြိမ်စီ ရခဲ့ပေမယ့် သွင်းဂိုး ၂ဂိုးစီသာ သွင်းယူနိုင်ခဲ့ကြပြီး ဘာစီလိုနာ အတွက် သွင်းဂိုးတွေကို ပွဲချိန် ၅၀မိနစ်မှာ ဘယ်နောက်ခံလူ အလွန်ဆိုနဲ့ ပွဲချိန် ၇၆မိနစ်မှာ တောင်ပံ ကစားသမား ရာဖင်ညာတို့က အသီးသီး သွင်းယူပေးခဲ့ကြကာ မန်ချက်စတာ ယူနိုက်တက်ကတော့ ရက်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ ခွန်ဒီရဲ့ လက်ဆောင်သွင်းဂိုးတို့ ကနေ တဆင့် သွင်းဂိုးတွေ ရရှိခဲ့တာပါ။

ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက ခြေရည်တူ အနေအထားမျိုးမှာ ရှိနေတာကြောင့် သရေရလဒ်ဟာ နှစ်သင်းစလုံး အတွက် ကျေနပ်စရာ ရလဒ်တခု ဖြစ်ပေမယ့် အီတလီ ကွင်းလယ်ဒိုင် မာရီရာနီရဲ့ ဆုံးဖြတ်ချက် တချို့က မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်တွေထဲက တခုကတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ်ဟာ ဂိုးဧရိယာ အတွင်းမှာ ဘောလုံးကို လက်နဲ့ ထိမိခဲ့ပေမယ့် ပင်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

Photo Credit: SPORT

ပွဲပြီးဆုံးချိန်မှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက သူတို့အသင်းကို ပင်နယ်တီ မပေးခဲ့တဲ့ မာရီရာနီရဲ့ ဆုံးဖြတ်ချက် အတွက် ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပြီး သူတို့အသင်းဟာ ဖရက်ဒ်ရဲ့ လက်ထိဘော အတွက် ကျိန်းသေပေါက် ပင်နယ်တီ ရခဲ့သင့်ကြောင်း ဆိုလာပါတယ်။

ဇာဗီက – “ကျွန်တော့်အတွက် ဒီဖြစ်ရပ်က လုံးဝ ပင်နယ်တီ ပေးသင့်တဲ့ ဖြစ်ရပ်ပါပဲ။ ကျွန်တော်က ပွဲပြီးတဲ့ အချိန်မှာ ကွင်းလယ်ဒိုင်ဆီ သွားပြီး ဒီအကြောင်းကို ပြောဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က အရမ်းကို ရှင်းလင်းတဲ့ ဖြစ်ရပ်တခုပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ အမြင်မှာတော့ ဒါက ပင်နယ်တီ တခုပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်က ရလဒ်ကို ပြောင်းလဲလို့ မရတာတော့ သိပါတယ်။ ကွင်းလယ်ဒိုင်ကတော့ ဘောလုံးဟာ ဖရက်ဒ်ရဲ့ ခန္ဓာကိုယ်နဲ့ အရမ်းကို နီးလွန်းခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့ဒီလို မမြင်ပါဘူး။ ဒါက ကျိန်းသေ ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ်မျိုးပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။