စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်လို ကစားရခက်တဲ့ အသင်းကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းက လာလီဂါချန်ပီယံဆုကို အရယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဘာစီလိုနာက လာလီဂါ ပွဲစဉ်(၁၆) အဖြစ် အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီး တယောက် ပွဲပယ်ပြစ်ဒဏ် ထိကာ မပါဝင်နိုင်တာကြောင့် တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့ပေမယ့် ခံစစ်ပိုင်း ကျစ်လျစ်မှုနဲ့အတူ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အဖိုးတန် ရမှတ် ၃မှတ်ကို အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

အက်သလက်တီကို မက်ဒရစ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး အိမ်ရှင် အက်သလက်တီကို မက်ဒရစ်က ဘာစီလိုနာထက် ကစားပုံ ပိုကောင်းခဲ့ပေမယ့် ဘာစီလိုနာ ကစားသမားတွေရဲ့ အနိုင်မခံ အရှုံးမပေးစိတ်နဲ့ ကစားသွားမှု ၊ တာစတီဂျန် ဦးဆောင်နေတဲ့ ခံစစ်ကြောင်းက ကျစ်လျစ်သိပ်သည်းမှုတို့ကြောင့် အက်သလက်တီကို မက်ဒရစ်ဟာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဘာစီလိုနာ အတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကိုတော့ ပွဲချိန် ၂၂မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီက သွင်းယူပေးသွားခဲ့တာပါ။

အက်သလက်တီကို မက်ဒရစ် ၀-၁ ဘာစီလိုနာ ပွဲအပြီးမှာ ဘာစီလိုနာက သူတို့ရဲ့ ဖလားလုဘက် ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၃မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပြီး ဘာစီလိုနာနည်းပြ ဇာဗီကတော့ အက်သလက်တီကို မက်ဒရစ်လို ကစားရခက်တဲ့ အသင်းကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရခဲ့တာဟာ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကို အများကြီး တိုးတက်စေကြောင်းနဲ့ အခုဆိုရင် လာလီဂါချန်ပီယံဆု အတွက် ပိုပြီး ယုံကြည်မှု ရှိလာကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Euro Sports

ဇာဗီက – “ဒီနေ့ပွဲက ကျွန်တော်တို့အတွက် နိုင်ပွဲပါ။ ရမှတ် ၃မှတ်ကြောင့် ဒီလို ပြောတာ မဟုတ်ပါဘူး။ ဒီနိုင်ပွဲက ကျွန်တော်တို့ကို စိတ်ဓာတ်တက်စေသလို လာလီဂါချန်ပီယံဆု အတွက် ယုံကြည်မှုကိုလည်း တိုးလာစေပါတယ်။ ကျွန်တော်တို့က ဒီလို ခက်ခဲတဲ့ နိုင်ပွဲမျိုးကို ပေးဆပ်မှုတွေ ၊ မိသားစုလို တယောက်ကို တယောက် ကာကွယ်ပေးမှုတွေနဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ အက်စ်ပန်ညိုနဲ့ပွဲလောက် ခြေစွမ်းပိုင်း မကောင်းခဲ့ပေမယ့် အနိုင် ၃မှတ်ကို ဘယ်လိုရအောင် ယူရမလဲ ဆိုတာကို သိခဲ့ကြပါတယ်။ ဒါက ကျွန်တော်တို့အတွက် ရွှေရမှတ် ၃မှတ်ပါ။ အခုဆိုရင် ကျွန်တော်တို့က လာလီဂါချန်ပီယံဆု အတွက် အဆင်သင့် ဖြစ်နေပါပြီ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။