ဒီနေ့ မနက်​အစောပိုင်းက ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးမှာ ကျင်းပသွားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဥ်ထဲ ရှုံးပွဲ ကြုံတွေ့ရခဲ့ပေမယ့် သူတို့ ဘာစီလိုနာအသင်းကသာ အကောင်းဆုံးအသင်း ဖြစ်ခဲ့သလို အနိုင်ရလဒ်နဲ့လည်း ထိုက်တန်မှု ရှိတယ်လို့ ဘာစီလိုနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က မှတ်ချက်ပြု ထုတ်​ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီရဲ့ တတိယကြိမ်မြောက် အယ်လ်ကလက်စီကိုပွဲမှာ ဘာစီလိုနာအသင်းက နှစ်ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း အိမ်ရှင်ရီးယဲလ်တို့က နှစ်ကြိမ်လုံး ပြန်ချေပနိုင်ခဲ့သလို ပထမအကျောတုန်းက hero ဖြစ်ခဲ့ရသူ ဘယ်လင်ဟမ်ရဲ့ နေုာက်ကျအနိုင်ဂိုးနဲ့ နိုင်ပွဲ ရရှိခဲ့ပါတယ်။

Photo Credit : Madrid Xtra

ဒီပွဲစဥ်ဟာ လွန်ခဲ့တဲ့ ဂန္တဝင် အယ်လ်ကလက်စီကိုပွဲတွေလို ရသမျိုး မဟုတ်တောင်မှ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ မြိုင်ဆိုင်ပြီး ကြည့်ကောင်းတဲ့ပွဲ ဖြစ်ခဲ့သလို နည်းပြနှစ်ဦးရဲ့ နည်းစနစ်ပိုင်း ပြိုင်ဆိုင်မှုနဲ့ ကစားသမားတွေရဲ့ ထိပ်တိုက် အားပြိုင်မှုများကလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တချို့ကြောင့်လည်း ပွဲဆူခဲ့ရပါသေးတယ်။

ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက “ဒီပွဲမှာ ကျွန်တော်တို့ အသင်းကသာ အကောင်းဆုံး ဖြစ်ခဲ့ရပြီးတော့ အနိုင်ရဖို့လည်း ထိုက်တန်ခဲ့တယ်။ အရည်အသွေး ပြည့်ဝတဲ့ လူငယ်ကစားသမားလေးတွေရဲ့ အနာဂတ်ဟာလည်း ဘာစီလိုနာအတွက် တောက်ပလာပါလိမ့်မယ်။ ဒိင်အကြောင်းကတော့ ဘာမှ ပြောစရာမရှိပါဘူး။ လူတိုင်းလည်း မြင်ဖူးကြမှာပါ။ ကျွန်တော်ထပြောရင် ကျွန်တော်ပဲ ဒဏ်ရိုက်ခံရလိမ့်မယ်။”

Photo Credit : France 24

“ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အကောင်းဆုံး လိဂ်တွေထဲက တစ်ုအဖြစ် သတ်မှတ်ထားတဲ့ လာလီဂါမှာ ဂိုးလိုင်းနည်းပညာက ရှိမနေပါဘူး။ ဒါပေမယ့်လည်း ဘောလုံးက ဂိုးပေါက်ထဲ ဝင်သွားခဲ့တယ်ဆိုတာကိုတော့ လူတိုင်းက မြင်တွေ့လိုက်မှာပါ။ လက်ရှိမှာတော့ လာလီဂါ အမှတ်ပေး ချန်ပီယံဆုအတွက်က အတော်လေး ခက်ခဲသွားခဲ့ရပါပြီ။ ဒါပေမယ့် စူပါဖလား ကစားဖို့အတွက် အဆင့် (၂)နေရာကို ရယူနိုင်ဖို့တော့ လိုအပ်ပါတယ်။”လို့ ပြောဆိုသွားခဲ့ပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပီအက်စ်ဂျီအသင်းကို (1-4) ဆိုတဲ့ ရလဒ်မျိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေပါ ကွာတားဖိုင်နယ်အဆင့်နဲ့ ထွက်ခွာခဲ့ရသလို လာလီဂါမှာလည်း အယ်လ်ကလက်စီကို ရှုံးပွဲကြောင့် ဇယားထိပ်က ရီးယဲလ်နဲ့ပါ ရမှတ်စုစုပေါင်း (၁၁)မှတ်အထိ ကွာဟသွားခဲ့ရင်း လာလီဂါ မျှော်လင့်ချက် အဆုံးသတ်လုနီးပါး ဖြစ်သွားခဲ့ရပါတယ်။