မနေ့ညက ကျင်းပသွားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာ ဘာစီလိုနာက ဂန်ဒိုဂန်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စောစောစီးစီး ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဘယ်လင်ဟမ်ရဲ့ ဂိုးတွေနဲ့ ဧည့်သည် ရီးယဲလ် မက်ဒရစ်က comeback နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်လိုက်ရပြီး ရမှတ် (၄)မှတ်ပါ ဖြတ်တောက်လိုက်နိုင်ပါတယ်။

ဒီပွဲစဉ်မှာ အိမ်ရှင် ဘာစီလိုနာက တစ်ပွဲလုံးနီးပါး ကစားကွက်အသာနဲ့ ကွင်းလယ်ပိုင်းကို စိုးမိုးပြီး ကစားထားရင်းနဲ့ ပွဲအစောပိုင်းကတည်းကလည်း ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ကြွေတက်နေတဲ့ ကစားသမားလေး ဘယ်လင်ဟမ်ရဲ့သွင်းဂိုးတွေနဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : One Football

ဘာစီလိုနာအသင်းက ဒီပွဲမတိုင်ခင် ဒီနှစ်ဘောလုံးရာသီအတွင်း လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တဲ့ အသင်းဖြစ်သလို အယ်လ်ကလက်စီကိုမှာလည်း ရီးယဲလ်ကို အကောင်းဆုံး ကစားသွားနိုင်ခဲ့ပေမယ့်လည်း မမျှော်လင့်ပဲ အရေးနိမ့်ခဲ့ရပါတယ်။

ဒီရလဒ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာ နည်းပြ ဇာဗီဟာနန်ဒက်ဇ်က “ရှုံးပွဲမဆိုနဲ့ဦး သရေပွဲတစ်ပွဲ ဆိုရင်တောင်မှ ကျွန်တော်တို့အသင်း ကွင်းအတွင်း စွမ်းဆောင်ခဲ့တဲ့ အရာတွေအတွက် ထိုက်တန်နေမှာတောင် မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ နိုင်ပွဲတစ်ပွဲ ရရှိအောင် ကစားခဲ့တယ်လို့ ထင်ပါတယ်။”

Photo Credit : Barca Universal

“ကျွန်တော်တို့တွေ ပွဲကောင်းတစ်ပွဲကို ကစားနိုင်ခဲ့တယ်လို့ ထင်ခဲ့ရပေမယ့်လည်း ရလဒ်ဆိုးတစ်ခုတော့ ထွက်ပေါ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ လာလီဂါဖလားကို ဆွတ်ခူးနိုင်ဖို့ဖြစ်ပြီး ဒီရလဒ်ကလည်း ချန်ပီယံဆုအတွက် အဆုံးအဖြတ်လည်း မဟုတ်သလို ပြိုင်ဆိုင်မှုဟာလည်း မပြီးဆုံးသေးပါဘူး။” လို့ ပြောဆိုလာခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲစဉ်မှ ဘာစီလိုနာအတွက် ပြန်လည် ကစားပေးခွင့် ရရှိလာခဲ့တဲ့ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးလည်း နိုင်ပွဲရသွားခဲ့တဲ့ ရီးယဲလ်အသင်းဟာ နိုင်ပွဲနဲ့ရော အနိုင် (၃)မှတ်နဲ့ပါ ထိုက်တန်မှု မရှိဘူးလို့ ဖွင့်ဟ ပြောဆိုလာခဲ့သလို ချန်ပီယံဆုအတွက်လည်း လက်လျှော့သွားမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။