စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂီတာဖေးနဲ့ လာလီဂါပွဲမှာ သွင်းဂိုး တဂိုးမှ မသွင်းယူနိုင်ခဲ့ပဲ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာဟာ ကွင်းရဲ့ မြက်ခင်း မကောင်းတာကြောင့် ဖြစ်ကြောင်း ပွဲပြီးဆုံးချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်တဲ့ ဘာစီလိုနာက လာလီဂါ ပွဲစဉ်(၂၉) အဖြစ် ဂီတာဖေးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ဂိုးပေါက်ပျောက်ခဲ့ပြီး သရေရလဒ်နဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit: SPORT

ဂီတာဖေး ၀-၀ ဘာစီလိုနာ ပွဲစဉ်မှာ ဘာစီလိုနာက ဂိုးပေါက် ကန်သွင်းခွင့် ၁၅ကြိမ် အထိ ရခဲ့သလို အပိုင် ဂိုးသွင်းခွင့် ၂ကြိမ်ပါ ရခဲ့ပေမယ် တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ လီဝန်ဒေါစကီးနဲ့ ရာဖင်ဟာတို့က ရလာတဲ့ အခွင့်အရေးတွေကို အပိုင် အသုံးမချနိုင်ခဲ့ပါဘူး။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက သူတို့အသင်းအနေနဲ့ ဂီတာဖေးရဲ့ ခြောက်သွေ့နေတဲ့ မြက်ခင်းကြောင့် ကောင်းကောင်း ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး ဂီတာဖေးဟာ တမင်တကာ မြက်ခင်းကို ခြောက်နေအောင် လုပ်ထားတာလို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: SPORT

 

ဇာဗီက – “မြက်ခင်းကြောင့် ကျွန်တော်တို့တွေ ကောင်းကောင်း မကစားနိုင်ခဲ့တာပါ။ ကျွန်တော်တို့က ဒီလိုမျိုး ဖြစ်လာမယ် ဆိုတာ ကြိုသိခဲ့ပါတယ်။ ကျွန်တော်တို့တွေ စနေနေ့မှာ ဒီကွင်းထဲမှာပဲ လေ့ကျင့်ခန်း ဆင်းခဲ့ကြပြီး မြက်ခင်းက အတော်လေး ခြောက်သွေ့နေတာကို သတိထားမိခဲ့ပါတယ်။ ဒီလို မြက်ခင်းပေါ်မှာ ကစားဖို့ဟာ အတော်လေးကို ခက်ခဲခဲ့ပါတယ်။ ပြီးတော့ မြက်ခင်းကြောင့်ပဲ ပွဲက ကြည့်လို့ မကောင်းခဲ့ပါဘူး။ ဘောလုံးက သွားနှုန်းက အတော်လေး နှေးခဲ့ပါတယ်။ ကွင်းက ဘယ်လောက်အထိ ဆိုးသလဲ ဆိုရင် ဂီတာဖေးတောင်မှ သူတို့ ကစားချင်တဲ့အတိုင်း မကစားနိုင်ခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။