စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ခြေပြတ် ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ဘိုင်ယန်မြူးနစ်ကို အဘက်ဘက်မှာ ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပါဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာက ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅) အဖြစ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း နူးကမ့်မှာ လက်ခံ ကစားခဲ့ရာ ပွဲစကနေ ပွဲပြီးတဲ့ အထိ ဧည့်သည် ဘိုင်ယန်မြူးနစ်ရဲ့ ဖိအားပေး ကစားမှုကိုသာ ခံခဲ့ရပြီး တပွဲလုံး ဂိုးပေါက်တည့် ကန်ချက် ၁ကြိမ်တောင် မလုပ်နိုင်ခဲ့ပဲ အိမ်ကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Marca

ဘာစီလိုနာ ၀-၃ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ ရှုံးထွက်အဆင့်ဆီ တက်ရောက်ပြီးသား ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က ခြေကုန်ထုတ် မကစားခဲ့ပေမယ့် ဘာစီလိုနာရဲ့ ကစားပုံဟာ ပုံမှန် ခြေစွမ်းအောက်ကို ရောက်နေခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ သက်သောင့်သက်သာနဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ် အတွက် သွင်းဂိုးတွေကို တိုက်စစ်မှူးတွေ ဖြစ်တဲ့ မာနေးနဲ့ ချူပိုမိုတင် ၊ ညာနောက်ခံလူ ပါဗတ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာနည်းပြ ဇာဗီက သူတို့အသင်းဟာ ဘိုင်ယန်နဲ့ မကစားခင်မှာပဲ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီ ဆိုတာကို သိခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာပါလို့ ဆိုလာပါတယ်။

Photo Credit: Marca

ဇာဗီက – “ဒီပွဲက ဒီရာသီမှာ ကျွန်တော်တို့တွေ တဖက်အသင်းကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိတဲ့ ပထမဦးဆုံး ပွဲစဉ်ပါ။ အသင်းက တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကစားသွားခဲ့တယ်လို့ မထင်ပါဘူး။ ဘိုင်ယန်မြူးနစ်က ကျွန်တော်တို့ကို ခြေအသာကြီးနဲ့ ကစားသွားခဲ့တာပါ။ အခုတော့ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါပြီ။ ကျွန်တော်တို့ရဲ့ အမှားတွေကြောင့် အခုလို ဖြစ်ခဲ့ရတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။