စပိန်လာလီဂါရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက သူတို့အသင်းဟာ လတ်တလောမှာ တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေပေမယ့် ဘဏ္ဍာရေး အခြေအနေကြောင့် အမ်ဘာပေ ၊ ဟာလန်း စတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို မခေါ်နိုင်သေးဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာက ၂၀၂၀ခုနှစ် နောက်ပိုင်းမှာ ဆိုးရွားတဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ရခဲ့ရတာကြောင့် ယခင်လို ကမ္ဘာ့အဆင့် ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးကာ မခေါ်နိုင်တော့ပဲ ပြောင်းရွှေ့ကြေး သက်သာတဲ့ အသက် ၃၀ကျော် ကြယ်ပွင့်တွေ ၊ လူငယ်ကြယ်ပွင့်တွေနဲ့ လာမာစီယာ အကယ်ဒမီထွက်တွေကိုသာ အသင်းဆီ ခေါ်ယူနေရပါတယ်။

Photo Credit: Goal

ဘာစီလိုနာက လက်ရှိမှာ လီဝန်ဒေါစကီးလို ထိပ်တန်း တိုက်စစ်မှူးကို ပိုင်ဆိုင်ထားပေမယ့် လီဝန်ဒေါစကီး အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်လာသလို ဒီရာသီမှာ သွင်းဂိုး ၉ဂိုးသာ သွင်းယူထားနိုင်တာကြောင့် ဘာစီလိုနာရဲ့ ပရိသတ်တွေက သူတို့အသင်းဟာ ထိပ်တန်း တိုက်စစ်မှူး တဦးကို လိုအပ်နေပြီလို့ ထောက်ပြနေကြပါတယ်။

ဘာစီလိုနာရဲ့ နည်းပြချုပ် ဇာဗီနဲ့ တာဝန်ရှိသူတွေကလည်း သူတို့အသင်းဟာ ထိပ်တန်း တိုက်စစ်မှူး တဦးကို လိုအပ်နေပြီ ဆိုတာ သိကြပေမယ့် ဘဏ္ဍာရေး အခြေအနေကြောင့် ထိပ်တန်း တိုက်စစ်မှူးတွေကို မခေါ်ပဲ ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဗစ်တာ ရိုကွေးကိုသာ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း သုံးကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Standard

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဇာဗီက သူတို့အသင်းဟာ ကျပ်တည်းတဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ဟာလန်း ၊ အမ်ဘာပေ စတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို မခေါ်ယူနိုင်ပဲ တတ်နိုင်သလောက်သာ အားဖြည့်မှုတွေ လုပ်နေရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဇာဗီက – “ဟာလန်းနဲ့ အမ်ဘာပေလား။ ကျွန်တော်တို့က ဟာလန်းနဲ့ အမ်ဘာပေတို့လို ကြယ်ပွင့်တွေ ဘာစီလိုနာဆီ ရောက်လာဖို့ မျှော်လင့်ထားလို့ မရသေးပါဘူး။ ကျွန်တော်တို့မှာ အဲ့ဒီလို ကစားသမားတွေကို ခေါ်ယူနိုင်မယ့် ငွေကြေးအင်အား မရှိပါဘူး။ ကျွန်တော်က အသင်းရဲ့ ကစားသမားအင်အား အတွက် အားရကျေနပ်ပါတယ်။ ကျွန်တော်တို့အသင်းက အမြဲတမ်း ထိပ်ဆုံးအဆင့်မှာ ရှိနေခဲ့တဲ့ အတွက် ကျွန်တော်တို့ကလည်း ထိပ်ဆုံးအဆင့်မှာ ရပ်တည်နိုင်အောင် အမြဲတမ်း ကြိုးစားဖို့ လိုအပ်ပါတယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။