ဘာစီလိုနာ မန်ချက်စတာယူနိုက်တက်တို့ အပါအဝင် ကလပ်အသင်းကြီးများစွာရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို ဝုလ်ဗ်အသင်းဘက်က လုံးဝရောင်းမထုတ်သွားချင်ပေမယ့်လည်း မဖြစ်မနေသာ ရောင်းချရမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၇၀)ထိ သတ်မှတ်လာနိုင်တယ်လို့ The Telegraph သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : TEAMtalk
အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမားဖြစ်တဲ့ နေးဗက်စ်ဟာ ဝုလ်ဗ်အသင်းကို ၂၀၁၇ခုနှစ်ကတည်းက ပေါ်တူဂီ နာမည်ကျော်ကလပ် ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ လက်ရှိအချိန် ဝုလ်ဗ်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လို့နေပါတယ်။ ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ခံစစ်ပိုင်းတွေမှာ ပါဝင်ကစားနိုင်တဲ့ နေးဗက်စ်ကို ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းများနဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားလျက် ရှိနေပြီး ဝုလ်ဗ်ဘက်ကတော့ သူတို့အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ထားနိုင်ခဲ့တဲ့ နေးဗက်စ်ကို အသင်းက ရောင်းထုတ်ဖို့ထက် စာချုပ်သက်တမ်းသာ တိုးမြှင့်ချင်နေတာ ဖြစ်ပါတယ်။
Photo Credit : Planet Football
ဒါပေမယ့် ဘာစီလိုနာ ယူနိုက်တက်တို့လို ဥရောပရဲ့ နာမည်ကြီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့တဲ့ နေးဗက်စ်က ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန် ရောက်ရှိနေတုန်းမှာ ကစားသမားဘဝကို level တစ်ခု ထပ်မံမြင့်တင်နိုင်ဖို့အတွက် အခုနှစ်နွေမှာ အသင်းပြောင်းချင်နေတာ ဖြစ်ပါတယ်။ နေးဗက်စ်ဟာ ဝုလ်ဗ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေတဲ့အတွက် ဝုလ်ဗ်အသင်းဘက်က သူတို့ကစားသမားကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)လောက်အထိ ကမ်းလှမ်းလာမှပဲ ရောင်းချသွားဖွယ် ရှိနေရပါတယ်။ လတ်တလောမှာတော့ နေးဗက်စ်ကို ယူနိုက်တက်အသင်းက စိတ်အဝင်စားဆုံး ဖြစ်နေတယ် ဆိုပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို မခေါ်ယူနိုင်မှသာ နေးဗက်စ်ကို ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။ ဘာစီလိုနာကလည်း သူတို့အသင်းရဲ့ main player ဒီယွန်းကို ယူနိုက်တက်အသင်းဆီ လက်လွတ်ရချိန်မှသာ နေးဗက်စ်ကို ခေါ်ယူဖွယ် ရှိနိုင်တာဆိုပေမယ့် အခု ဝုလ်ဗ်ဘက်က သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်းကိုတော့ ယူနိုက်တက်ရော ဘာစီလိုနာပါ ပေးချေလိုစိတ် မရှိနိုင်လောက်တာကြောင့် တန်ကြေးသာ မလျော့ပေးနိုင်ရင် နေးဗက်စ်လည်း ဝုလ်ဗ်အသင်းမှာသာ ဆက်လက် ကျန်ရစ်ရနိုင်ပါတယ်။