ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် နည်းပြ လူးဝစ် အင်းနရစ်က ပွဲအပြီးမှာ ပရီးမီးယားလိဂ်နဲ့ ပတ်သက်ပြီး လှောင်ပြောင်တဲ့ မှတ်ချက်တစ်ခု ပေးခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီဟာ ပရီးမီးယားလိဂ်က အသင်း(၄)သင်းစလုံးကို ကျော်ဖြတ်ခဲ့ပြီးနောက် အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ မန်ချက်စတာ စီးတီးကို အနိုင်ယူခဲ့ပြီး ရှုံးထွက်အဆင့်မှာတော့ လီဗာပူးလ် အက်စ်တွန် ဗီလာနဲ့ နောက်ဆုံးမှာ အာဆင်နယ်တို့ကို အသီးသီး အနိုင်ယူ ကျော်ဖြတ်ခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရပြီးနောက် TNT Sports နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နည်းပြ အင်းနရစ်က ပြုံးရယ်ရင်းနဲ့ပဲ “လယ်သမားလိဂ်” လို့ ခေါ်ဝေါ်ခံရလေ့ရှိတဲ့ ပြင်သစ် လီဂူးဝမ်းကို ရည်ညွှန်းပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ဒီ လယ်သမားလိဂ်ဆိုတဲ့ စကားလုံးကို များသောအားဖြင့် လီဂူးဝမ်းပြိုင်ပွဲရဲ့ အဆင့်အတန်းကို သံသယရှိသူတွေက အနှိမ်ခံအနေနဲ့ သုံးလေ့ရှိပါတယ်။
Photo Credit : TNT Sports
အင်းနရစ်က “ဒါက အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းဖို့ဆိုတာ လူတိုင်းရဲ့ အိပ်မက်ပါပဲ။ ကျွန်တော်တို့ ပဲရစ်ကို ရောက်လာတဲ့အချိန်ကတည်းက ပထမဆုံး ရည်မှန်းချက်က သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးဖို့ပါပဲ။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါပြီ။ လယ်သမားလိဂ်ပေါ့နော်။ ကျွန်တော်တို့က လယ်သမားလိဂ်ပေါ့။ ဒါပေမယ့် ဒါက ကောင်းပါတယ်။ ရလဒ်ကို ကျနော်တို့ ပျော်ရွှင်နေပါတယ်။”
“ကျွန်တော်တို့အသင်းအကြောင်း ပြောဆိုချီးကျူးနေကြတဲ့ လူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသင်းက လူငယ်အသင်းပါ။ ကျနော်တို့ရဲ့ စိတ်ဓာတ် ကစားပုံ စရိုက်လက္ခဏာတွေပေါ့။ ဒါက ကောင်းပါတယ်။ ကျွန်တော့် ကစားသမားတွေကို ချီးကျူးရမှာပါ။ သူတို့က အကောင်းဆုံးတွေပါ။” လို့ လှောင်ပြောင်တဲ့ဟန်နဲ့ ပြောသွားခဲ့ပါတယ်။
Photo Credit : ESPN
ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အင်းနရစ်ကတော့ အီတလီကလပ် အင်တာမီလန်နဲ့ ပွဲက ခက်ခဲမယ်ဆိုတာ သိပေမယ့် အခုချိန်မှာ အောင်ပွဲခံဖို့ကို အရင်ဦးစားပေးမယ်လို့ ဆိုလိုက်ပါတယ်။ “ခက်ခဲမှာပါ။ ဒါပေမယ့် သူတို့လည်း အတူတူ ခံစားရလိမ့်မယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဗိုလ်လုပွဲ ဖြစ်လာမှာပါ။ နှစ်သင်းစလုံးအတွက် အရမ်းခက်ခဲပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ အားလုံးအတွက် အထူးအချိန်အခါပါပဲ။ သူတို့အတွက်လည်း ဒီလိုပါပဲ။”
“သူတို့ဟာ နောက်ဆုံး (၃)နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဗိုလ်လုပွဲ တက်ခဲ့တာပါ။ ဒါက သူတို့ဟာ ကောင်းမွန်တဲ့ အသင်းဖြစ်ကြောင်း ပြသနေပါတယ်။ ဒါပေမယ့် အင်တာအကြောင်းကို နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ အချိန်ရှိပါသေးတယ်။ အခုတော့ အောင်ပွဲခံဖို့ ပျော်ရွှင်ဖို့နဲ့ နားယူဖို့ အချိန်ပါပဲ။” လို့ အင်းနရစ်က ပြောခဲ့ပါတယ်။