မန်ချက်စတာ ယူနိုက်တက်အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းနည်းပြ ရူဘင် အမော်ရင်ကတော့ လက်ရှိအချိန်မှာ စိတ်ဖိစီးမှုတွေ ရှိနေတယ်လို့ ဝန်ခံလိုက်ပြီး သူဟာ ဒီထက်ပိုကောင်းတဲ့ နည်းပြတစ်ယောက် ဖြစ်သင့်ပါတယ်လို့လည်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် မေလ ၂၁ ရက်နေ့မှာ ဘီလ်ဘာအိုမြို့က ဆန် မာမက်စ် အားကစားကွင်းမှာ ပြည်တွင်းပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့ရင် အသင်းအတွက် အဓိက ဆုဖလားတစ်လုံးအပြင် ၂၀၂၅-၂၆ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဝင်ခွင့်ကိုပါ တစ်ပါတည်း ရရှိမှာ ဖြစ်ပါတယ်။
Photo Credit : Eurosport
ဒီလိုအောင်မြင်မှုမျိုးက အသင်းရဲ့ အမာခံပရိသတ်တွေအတွက် အားရစရာ အောင်ပွဲခံစရာ ဖြစ်လာမှာ သေချာပေမယ့် အသင်းက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာအထိ ရောက်ရှိနေတာကြောင့် အလွန်တရာ တောင်းဆိုမှုများတဲ့ နည်းပြရာထူးအတွက် သူ့ဆီကနေ ပရိသတ်တွေက ဒီထက်ပိုပြီး မျှော်လင့်ထားကြတယ်ဆိုတာကိုတော့ အာမိုရင်က ဝန်ခံခဲ့ပါတယ်။
ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုကို အိုးထရက်ဖို့ဒ်ကွင်းမှာ ၄-၁ ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၁ နဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီးနောက် အမော်ရင်က TNT Sports နဲ့တွေ့ဆုံရာမှာ “ဒီလို ခက်ခဲတဲ့ ရာသီတစ်လျှောက်လုံး ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် ဒါက ကျွန်တော်တို့ အနည်းဆုံးတော့ လုပ်ပေးနိုင်တဲ့အရာပါပဲ။” ဗိုလ်လုပွဲကြောင့် ကျွန်တော် အခုကတည်းက ဖိအားတွေ အရမ်းများနေပါပြီ။ တကယ်လို့ ကျွန်တော်တို့ ဖလား မရယူနိုင်ခဲ့ဘူးဆိုရင် ဒါက ဘာအဓိပ္ပာယ်မှ ရှိတော့မှာ မဟုတ်ပါဘူး။”
Photo Credit : The Telegraph
“ဒါပေမဲ့ အဲ့ဒီနေရာကို ရောက်ရှိခွင့်ရလို့ ဝမ်းသာပါတယ်။ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်ကိုယ်တိုင်က ဒီထက်ပိုကောင်းတဲ့ နည်းပြဖြစ်သင့်တယ်။ အသင်းကလည်း လက်ရှိအချိန်မှာ ဒီထက်ပိုကောင်းတဲ့ အနေအထားမှာ ရှိသင့်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားနေတုန်းပါပဲ။ ဥရောပပြိုင်ပွဲတွေမှာတော့ ကျွန်တော်တို့ တော်တော်လေး ကောင်းကောင်းလုပ်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရုန်းကန်နေရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
စပိန်မြေပေါ်မှာ စပါးအသင်းနဲ့ မယှဉ်ပြိုင်ခင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ဝက်စ်ဟမ်း ချယ်လ်ဆီးတို့နဲ့ ပွဲစဉ်တွေကို ကစားရဦးမှာ ဖြစ်ပါတယ်။ အမော်ရင်ရဲ့အသင်းအနေနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖလားကြီးကို မယှဉ်ပြိုင်ခင်မှာ အသင်းရဲ့ အရှိန်အဟုန်ကောင်းတစ်ခု တည်ဆောက်ခွင့် ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။