ဝုလ်ဗ်အသင်း နည်းပြဖြစ်သူ ဂယ်ရီ အိုနေးလ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်မိနေခြင်းကို သူ့အနေနဲ့ ဂုဏ်ယူမိပေမယ့်လည်း ဒီလို ထွက်ပေါ်နေတဲ့ သတင်းတွေကတော့ အမှားတွေသာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

ESPN သတင်းမီဒီယာကြီးကနေ ဖော်ပြချက်တွေအရ ယူနိုက်တက်အသင်းဟာ ဘုန်းမောက်နည်းပြဟောင်း ဂယ်ရီ အိုနေးလ်ကို အသင်းနည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်သွားဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ချင်နေတယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့် အိုနေးလ်ကတော့ ဒီသတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Eurosport

ယူနိုက်တက်အသင်းဟာလည်း အသင်းကို ဆာဂျင်ရက်ကလစ်ဖ်က (၂၅)% ဝယ်ယူခဲ့ပြီးနောက်ပိုင်း လက်ရှိအသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ်က မရေမရာတွေ ဖြစ်လာခဲ့ရပြီး အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်က တန်ဟက်ဂ်နေရာကို ဝင်ရောက်လာတော့မယ်ဆိုတဲ့ သတင်းတွေဟာလည်း ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီမှာ ဝုလ်ဗ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၉)နေရာထိ ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ နည်းပြ အိုနေးလ်ကိုပါ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ပေးသွားဖို့ပါ ဆာဂျင်ရက်ကလစ်ဖ်တို့က စီစဉ်နေတယ်ဆိုပြီးပါ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဂယ်ရီ အိုနေးလ်က “ဒီလို သတင်းမျိုးတွေက ဘယ်နေရာကနေ ထွက်ပေါ်လာသလဲ ဆိုတာကိုတော့ ကျွန်တော် မသိဘူး။ ကြီးပြင်းလာတာနဲ့အမျှ လီဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ အမြဲတမ်း ထူးခြားနေတယ်လို့ ခံစားလာမိတယ်။ ဒါကြောင့် ဒီသတင်းက အမှန်မဟုတ်တောင်မှ ဂုဏ်ယူစရာတစ်ခုလို့ မြင်မိပါတယ်။”

“ကျွန်တော် လက်ရှိအသင်းမှာ ပျော်ရွှင်နေပါတယ်။ ဒီအသင်းမှာဆိုရင်လည်း ကျွန်တော်က နည်းပြချုပ်ပါ။ ကျွန်တော် အမြဲတမ်းလည်း နည်းပြချုပ်တစ်ဦးပဲ ဖြစ်နေမှာပါ။ ဝုလ်ဗ်အသင်းမှာ ရှိရတဲ့ အချိန်တွေကိုလည်း ကျွန်တော် ကြည်နူး ဝမ်းမြောက်မိတယ်။ ဒီလို သတင်းထွက်တာတွေကိုလည်း ကျွန်တော့်ကို မီဒီယာတွေက မေးခွန်းတွေ မေးလာမှသာ သတိထားမိခဲ့တာပါ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။