ဘောလုံးအပြောင်းအရွှေ့သတင်းဆိုင်ရာ အကျော်အမော်တစ်ဦးဖြစ်သူ သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ ဝုလ်ဗ်အသင်းဟာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာကို ခေါ်ယူသွားဖို့အတွက် တရားဝင် ကမ်းလှမ်းမှု အသေးစိတ်ကို ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Espana

အသင်းတိုက်စစ်ပိုင်းမှာ ဟီမီနက်ဇ် ကာလာဂျစ် ဟွမ်ဟီချန်းနဲ့ ဒီယေဂိုကော်စတာတို့ကို ပိုင်ဆိုင်ထားတဲ့ ဝုလ်ဗ်အသင်းဟာ ဟီမီနက်ဇ်ရဲ့ ခြေစမ်းပိုင်း ကျဆင်းလာမှု ကစားသမားသစ် ကာလာဂျစ်ဟာလည်း ဒဏ်ရာပြသာနာကြောင့် ကာလရှည် အနားယူနေရမှုနဲ့ အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တဲ့ ဝါရင့်ကစားသမားကြီး ကော်စတာရဲ့ ဂိုးပေါက်ပျောက်နေမှုတွေကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်သွားဖို့ ပြင်ဆင်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝုလ်ဗ်အသင်းဟာ အသက်လက်တီကို တိုက်စစ်ကစားသမား ကူညာကို ချိတ်ဆက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Sports Illustarted

အသက်(၂၃)နှစ်အရွယ် ဘရာဇီးလ် တိုက်စစ်ကစားသမား ကူညာဟာ ဆွစ်ဇာလန်ကလပ် ဆီယွန်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး လိုက်ပ်ဇစ် ဟာသာဘာလင်အသင်းတွေမှာ ကစားခဲ့ရာကနေ ၂၀၂၁ခုနှစ် နွေရာသီမှာပဲ အသက်လက်တီကိုအသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း အသက်လက်တီကိုအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲ ပါဝင်ကစားထားခဲ့သူ ကူညာဟာ လက်ရှိအချိန်ထိတော့ အသင်းအတွက် တစ်ဂိုးမှကို မသွင်းယူထားနိုင်သေးပဲ ဂိုးဖန်တီးမှု (၂)ကြိမ်သာ လုပ်ဆောင်ထားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သေးတဲ့ ကူညာဟာ အသက်လက်တီကိုနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့်လည်း လက်ရှိမှာ အသက်လက်တီကိုက ချန်ပီယံလိဂ်ကနေ ထွက်ခွာထားခဲ့ရသလို ယူရိုပါလိဂ်တောင် မရောက်ထားတာဖြစ်လို့ အသင်းရဲ့ ဘဏ္ဍာပိုင်း ထိခိုက်ရနိုင်တာကြောင့် ဂျာအိုဖေးလစ် ကူညာတို့လို ကစားသမားတွေကို ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။ ဒါကြောင့်ပဲ ကူညာကို ဝုလ်ဗ်အသင်းဘက်က ချိတ်ဆက်လာခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ ခေါ်ယူနိုင်ဖို့အတွက် အသေအချာ ကြိုးစားလာခဲ့တာပဲ ဖြစ်ပါတယ်။