ခမ်းနားလှတဲ့ သမိုင်းကြောင်းတွေ ပိုင်ဆိုင်ဖူးခဲ့တဲ့ အသင်း ကစားသမားကောင်းတွေ မွေးထုတ်ပေးခဲ့သော အသင်း လာလီဂါ နဲ့ ယူရိုပါလိဂ်ဖလားတွေကို ဆွတ်ခူးခဲ့ဖူးတဲ့ အသင်း ဗလင်စီယာဟာ လက်ရှိမှာတော့ တန်းဆင်းရမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပြီပဲ ဖြစ်ပါတယ်။

 

Photo Credit : Superdeporte

မနေ့ညက ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ (0-2)နဲ့ အရေးနိမ့်ခဲ့လို့ ဗလင်စီယာဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၈)နေရာထိကိ ရောက်ရှိ သွားခဲ့ရပါတယ်။ အဆင့်(၁၈)ဆိုတာ တန်းဆင်းဇုန်နေရာ ဖြစ်နေပြီး အဆင့်(၁၉)က အက်စပန်ညိုအသင်းနဲ့လည်း ရမှတ်ချင်းပါ တူညီနေရတာပါတယ်။ လာလီဂါ ရာသီသိမ်းဖို့က (၉)ပွဲသာ လိုတော့တဲ့အချိန် ဗလင်စီယာအနေနဲ့ တန်းမဆင်းရအောင် ရှယ်ရုန်းရတော့မှာဖြစ်ပြီး လက်ရှိ အနေအထားအရ အဆင့်(၁၄)က ဗယ်လာဒိုးလစ်နဲ့ (၅)မှတ်ပဲ ကွာဟနေတော့ဖြစ်လို့ ဗလင်စီယာဘက်ကသာ အကောင်းဆုံး ရုန်းထွက်မယ်ဆိုရင် တန်းဆင်းဇုန်က လွတ်မြောက်သွားနိုင်ဖွယ် ရှိပါတယ်။

Photo Credit : Superdeporte

ဗလင်စီယာက လက်ကျန် လာလီဂါ(၉)ပွဲအတွင်း ပွဲကျပ်တွေအဖြစ် ရီးယဲလ် ၊ ဘက်တစ်တို့လောက်နဲ့သာ ဆုံတွေ့ရဖို့ ရှိနေပြီး ရှေ့လာမယ့် (၃)ပွဲအတွင်း အယ်လ်ချီ ဗယ်လာဒိုးလစ် ကာဒစ်ဇ်တို့နဲ့ ဆက်တိုက် တွေ့ဆုံရချိန်မှာ ရလဒ်ကောင်းတွေ ယူဆောင်ထားဖို့ လိုအပ်နေပါတယ်။ တကယ်တော့ ဗလင်စီယာအသင်းဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီတုန်းက လာလီဂါ နဲ့ UEFA ဖလား (ယူရိုပါလိဂ်ဖလား)တို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် လက်ရှိမှာ လာလီဂါကနေပါ တန်းဆင်းရနိုင်တဲ့ အနေအထားအထိ ဖြစ်လာခဲ့ရတာက စိတ်မကောင်းစရာ အခြေအနေတစ်ခုလို့ ဆိုရမှာပါ။ ဗလင်စီယာက ဒီရာသီမှာ နည်းပြ အပြောင်းအလဲ (၃)ကြိမ်အထိ လုပ်ဆောင်ထားရပြီး အခု တတိယမြောက်နည်းပြ ဗီးဂတ်စ်က အသင်းကို တန်းမဆင်းရအောင် ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။