ယခု နွေဈေးကွက် အတွင်းမှာမှ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကနေ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားထံ တရာသီအငှား + ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့် ကွင်းလယ်လူ ဝစ်နယ်ဒန်က ရိုးမားရဲ့ လေ့ကျင့်ရေးကွင်းမှာ ခြေသလုံးရိုး ကျိုးသွားတာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေပြီး ကံမကောင်းရင် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်ရဖွယ် ရှိနေကြောင်း နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဝစ်နယ်ဒန်က လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန် အတွက် အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသချင်တာကြောင့် ပီအက်စ်ဂျီကနေ ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် ရိုးမားဆီ ပြောင်းရွှေ့လာသူပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ဝစ်နယ်ဒန်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရိုးမားနဲ့အတူ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင် လေ့ကျင့်ရင်း ခြေသလုံးရိုး ကျိုးသွားခဲ့တာကြောင့် လပေါင်းများစွာ အနားယူရဖို့ ရှိနေပြီး အဆိုပါဒဏ်ရာကြောင့်ပဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ အလားအလာ များပြားနေပါတယ်။

ရိုးမားကလည်း ဝစ်နယ်ဒန်ဟာ ညာဘက် ခြေသလုံးရိုး ကျိုးသွားတာ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာထားပြီး ရိုးမားရဲ့ ထုတ်ပြန်ကြေညာမှုမှာတော့ – “လေ့ကျင့်ခန်း အစီအစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဝစ်နယ်ဒန်က ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ သူ့ရဲ့ ဆေးစစ်မှုတွေအရ ညာဘက် ခြေသလုံးရိုး ကျိုးသွားတာကို စစ်ဆေး တွေ့ရှိရပါတယ်။ ဝစ်နယ်ဒန်ဟာ လာမယ့် ရက်အနည်းငယ် အတွင်းမှာပဲ ကုသမှု ခံယူဖို့ အတွက် ဆေးစစ်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့ ပါဝင်ပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝစ်နယ်ဒန်ဟာ ညာဘက် ခြေသလုံးရိုး ကျိုးသွားတဲ့ ဒဏ်ရာကို ပြန်လည် ကုသနိုင်ဖို့ လပေါင်းများစွာ အနားယူရဖို့ ရှိနေသလို ဝစ်နယ်ဒန်ဟာ အနိမ့်ဆုံး ၄လ ဝန်းကျင် ကနေ အများဆုံး ၆လ ဝန်းကျင် အထိ အနားယူရဖွယ် ရှိနေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျိန်းသေပေါက် လွဲချော်နိုင်ကြောင်း သိရပါတယ်။