ဝက်စ်ဟမ်းအသင်းကတော့ သူတို့ အသင်းဆီ ရောက်ရှိဖို့ နီးစပ်ခဲ့တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား အစား အာဆင်နယ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ကွန်စတန်တီနိုစ် မာဗရိုပါနိုစ်ကိုသာ ခေါ်ယူသွားခဲ့လိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းက အသက် (၂၅)နှစ်အရွယ် ဂရိ လက်ရွေးစင် နောက်ခံလူ မာဗရိုပါနိုစ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၂၀) + အပိုဆုကြေး ယူရို (၅)သန်းနဲ့ စတုဂတ်အသင်းထံ ကမ်းလှမ်းခဲ့ပြီး စတုဂတ်ကလည်း လက်ခံသွားခဲ့ပါတယ်။

Photo Credit : Gooner Talk

ဗဟို ခံစစ် နဲ့ ညာခြမ်း ခံစစ် နေရာအထိပါ ကစားနိုင်သူဖြစ်တဲ့ မာဗရိုပါနိုစ်ဟာ ၂၀၁၈ခုနှစ်ကတည်းက အာဆင်နယ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်မှာ (၇)ပွဲလေးသာ ကစားဖြစ်ခဲ့ပါတယ်။ အဲ့ဒီကနေ နုရင်ဘတ် နဲ့ စတုဂတ်တွေလို ဂျာမန်အသင်းတွေဆီ အငှား သွားကစားရင်း နောက်ဆုံး စတုဂတ်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

အခုတော့ မာဗရိုပါနိုစ်က ပရီးမီးယားလိဂ်ဆီ ပြန်လာကစားရတော့မှာဖြစ်ပြီး ဝက်စ်ဟမ်းကလည်း သူ့ကို ပွဲကစားခွင့်တွေလည်း အမြောက်အများ ပေးသွားဖွယ်လည်း ရှိနေပါတယ်။ ဒါ့အပြင် မာဗရိုပါနိုစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း အာဆင်နယ်က ပြောင်းရွှေ့ကြေး (၁၀)%ကိုပါ အကျိုးခံစားခွင့် ရသွားဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit : Youtube

တကယ်တော့ ဝက်စ်ဟမ်းဟာ အသင်းရဲ့ ဗဟို ခံစစ်နေရာအတွက် အင်္ဂလန် ခံစစ်မှူး မက်ဂွိုင်းယားကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး မက်ဂွိုင်းယားအတွက် ပေါင် သန်း(၃၀)တန် ကမ်းလှမ်းမှုကိုပါ ယူနိုက်တက်ဘက်ကပါ သဘောတူညီထားရင်းကနေ နောက်ဆုံးမှသာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက မက်ဂွိုင်းယားဆီကနေ သဘောတူညီမှု ရရှိဖို့ စောင့်ဆိုင်းနေရင်းနဲ့ စိတ်မရှည်နိုင်တော့ပဲ မက်ဂွိုင်းယား deal ကို ရပ်ဆိုင်းလိုက်ပြီး မာဗရိုပါနိုစ်ကို ခေါ်ယူနိုင်ဖို့ကိုသာ ပြောင်းလဲ ကြိုးပမ်းလာခဲ့ရာ အခုဆိုရင်တော့ ဒီကစားသမားကိုလည်း ပရီးမီးယားလိဂ်ဆီ ပြန်ခေါ်ဆောင်နိုင်လိုက်ပြီ ဖြစ်ပါတယ်။