ဝက်စ်ဟမ်းအသင်းကတော့ လက်ရှိအချိန်မှာ အေဂျက်စ်အသင်းရဲ့ ဂါနာ ကြယ်ပွင့်ကစားသမား မိုဟာမက် ကူဒက်စ်ကိုပါ ခေါ်ယူဖို့အတွက် ကနဦး ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီလို့ ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။

ဝက်စ်ဟမ်းက အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅)သန်းနဲ့ ရောင်းချပြီးနောက်မှာ အေဂျက်စ်က ကွင်းလယ်လူ အက်ဒ်ဆင် အယ်လ်ဗာရက်ဇ် နဲ့ ဆောက်သမ်တန် ကွင်းလယ်လူ ဂျိမ်းစ် ဝက်ပရောက်စ်တို့ကို ပြန်လည် ဖြည့်တင်းခဲ့ပါတယ်။

West Ham set to move for World Cup star - ExWHUemployee

Photo Credit : West Ham Zone

ရိုက်စ်ကို အသင်းကနေ လက်လွတ်လိုက်ရပြီးနောက်ပိုင်း နောက်ထပ် အရေးပါတဲ့ ကစားသမားဖြစ်သူ လူးကပ်စ် ပါကေတာကိုပါ မန်ချက်စတာ စီးတီးအသင်းဆီ ထပ်မံ လက်လွတ်ရဖို့ ရှိနေတဲ့အတွက် တကယ်လို့ ပါကေတာကို လက်လွတ်ရမယ်ဆိုရင် သူ့နေရာအတွက် ကူဒက်စ်ကို ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၃)နှစ်အရွယ်ရှိ ဂါနာ လက်ရွေးစင် ကြယ်ပွင့် ကစားသမား ကူဒက်စ်ဟာ ဒီနွေမှာ အာဆင်နယ် ချယ်လ်ဆီး ဘရိုက်တန်တို့လို ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး ဘရိုက်တန်ဆီ ပြောင်းရွှေ့ဖို့ပါ နီးစပ်ခဲ့ပါသေးတယ်။

Photo Credit : Goal

ဒါပေမယ့် နောက်ပိုင်းမှာ အပြောင်းအရွှေ့က ဖြစ်ပေါ်မလာခဲ့ပဲ လက်ရှိမှာ ဝက်စ်ဟမ်းအသင်းက ပါကေတာနေရာ အစားထိုးဖို့ ကူဒက်စ်ကို ချိန်ရွယ်နေပြီး လက်ရှိမှာလည်း ကစားသမားဘက်ကို အရင်ဆုံး ဆက်သွယ်လာခဲ့ပါတယ်။

ဝက်စ်ဟမ်းက ကူဒက်စ်ကို ခေါ်ယူဖို့ ကနဦး ဆွေးနွေးမှုတွေ စတင်နေပြီး ကစားသမားဘက်ကလည်း ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသလို ဆွေးနွေးချက်တွေဟာ အပြုသဘောဆောင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပါကေတာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားလာမှသာ ကူဒက်စ်အတွက် အေဂျက်စ်အသင်းဆီ ချဉ်းကပ်မှုတွေ စတင် လုပ်ဆောင်ဖွယ် ရှိနိုင်ပါတယ်။