အင်္ဂလန်နိုင်ငံ ကိုယ်စားပြု အသင်းတွေ အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် နေကြတဲ့ ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်တို့က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲတွေမှာ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူရင်း ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီ တပြိုင်ထဲ တက်ရောက်နိုင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဝက်စ်ဟမ်းက ဒီရာသီ ယူရိုပါလိဂ် အုပ်စုအဆင့်မှာ ဖရိုင်းဘက် ၊ အိုလံပီယာကို့စ် ၊ တိုပိုလာ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး ဝက်စ်ဟမ်းက ယနေ့မနက်မှာ ၅ပွဲမြောက် အုပ်စုပွဲ အဖြစ် တိုပိုလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Standard

ဝက်စ်ဟမ်းက အုပ်စုပွဲ ၅ပွဲ အပြီးမှာ ၄ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၁၂မှတ် အထိ စုဆောင်းနိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ တက်နိုင်ဖို့ သေချာသွားခဲ့ပြီး အုပ်စုဗိုလ်နေရာ အတွက် နောက်ဆုံးပွဲမှာ ဖရိုင်းဘက်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေကာ အဆိုပါပွဲမှာ မရှုံးအောင် ကစားနိုင်ရုံနဲ့ ဝက်စ်ဟမ်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ ဒီဇာဘီ ဦးဆောင်နေတဲ့ ဘရိုက်တန်က ယူရိုပါလိဂ် အုပ်စုအဆင့်မှာ အေဂျက် ၊ မာဆေးလ် ၊ AEK အေသင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး ဘရိုက်တန်က ယနေ့မနက်မှာ ၅ပွဲမြောက် အုပ်စုပွဲ အဖြစ် AEK အေသင်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ဝက်စ်ဟမ်းနည်းတူ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲ ၁ပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါနိုင်ပွဲကြောင့် ဘရိုက်တန်က အုပ်စုပွဲ ၅ပွဲ အပြီးမှာ ၃ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ ရမှတ် ၁၀မှတ် အထိ စုဆောင်းနိုင်ခဲ့ပြီး အုပ်စု တတိယနေရာမှာ ရှိနေတဲ့ AEK အေသင်ကို ရမှတ် ၆မှတ် ဖြတ်တောက်နိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်ဖို့ သေချာသွားခဲ့ပါပြီ။

ဒါပေမယ့် ဘရိုက်တန်ကလည်း ဝက်စ်ဟမ်းလိုပဲ အုပ်စုဗိုလ်နေရာ အတွက် နောက်ဆုံးပွဲမှာ မာဆေးလ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ဘရိုက်တန်က အုပ်စုနောက်ဆုံးပွဲမှာ မာဆေးလ်ကို အနိုင်ရမှသာ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်မှာ ဖြစ်ကာ သရေ (သို့) အရှုံးရလဒ် ထွက်ပေါ်ခဲ့ရင်တော့ အုပ်စုဒုတိယအနေနဲ့သာ ရှုံးထွက်အဆင့်ဆီ ရောက်ရှိမှာပါ။