ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ် တိုက်စစ်ကစားသမားလေး အာမန်ဒိုဘရိုဟာကို ခေါ်ယူနိုင်ဖို့အတွက် အလွန်နီးစပ်လာခဲ့ပြီ ဖြစ်သလို ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေဟာလည်း အခြေအနေ အကောင်းဆုံးမှာ ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Twitter
လာမယ့် ဘောလုံးရာသီမှာ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ပါဝင်ခွင့် ရရှိထားတဲ့ ဝက်စ်ဟမ်းအသင်းက အသင်းတိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ်နေရာအတွက် အန်တိုနီယို တစ်ဦးတည်းသာ ရှိနေတာကြောင့် CF တစ်ဦး ထပ်မံအားဖြည့်သွားဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ အယ်လ်ဘေးနီးယား တိုက်စစ်မှူးလေး ဘရိုဟာကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ တိုက်စစ်ကစားသမား ဘရိုဟာက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အသင်းမှာ တစ်ရာသီ အငှားနဲ့ လာရောက်ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို တစ်ရာသီအတွင်းမှာလည်း ဆောက်သမ်တန်အတွက် ပြိုင်ပွဲစုံ (၉)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
Photo Credit : The Sun
၂၀၂၀ခုနှစ်ကမှ ချယ်လ်ဆီးနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုပြီး အသင်းအတွက် တစ်ပွဲလေးသာ ပါဝင်ခဲ့ရတဲ့ ဘရိုဟာ ဟာ ၂၀၂၀-၂၀၂၁ခုနှစ် ဘောလုံးရာသီမှာတော့ နယ်သာလန်ကလပ် ဗွီတက်ဆီအသင်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ခုနှစ် ဘောလုံးရာသီမှာတော့ ဆောက်သမ်တန်အသင်းတွေဆီမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ရပါတယ်။ အငှားကစားခဲ့တဲ့ နှစ်ရာသီအတွင်းမှာ စုစုပေါင်း ဂိုး(၂၀)အထိ သွင်းယူထားနိုင်ခဲ့တဲ့ ဘရိုဟာကို ဝက်စ်ဟမ်းအပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတချို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ဆောက်သမ်တန်အသင်းကလည်း အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဆာဆူအိုလို တိုက်စစ်ကစားသမား ဆကာမာကာနဲ့ ချယ်လ်ဆီး လူငယ်လေး ဘရိုဟာတို့ကို ချိန်ရွယ်နေခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ အခုတော့ ဘရိုဟာကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီဖြစ်ပြီး ဘရိုဟာနဲ့ personal agreed ရရှိထားခဲ့သလို ဘရိုဟာအတွက် တရားဝင် ကမ်းလှမ်းချက်ကိုလည်း ချယ်လ်ဆီးဘက်ကနေ လက်ခံသွားဖွယ်ပါ ရှိနေပါတယ်။ ကနဦးပိုင်းမှာတော့ ဘရိုဟာကို ခေါ်ယူဖို့အတွက် အငှားခေါ်ယူမှု ဒါမှမဟုတ် အပြီးသတ်ခေါ်ယူမှုအဖြစ် ဆွေးနွေးခဲ့ရာ နောက်ဆုံးမှာတော့ permanent deal နဲ့ ခေါ်ယူဖို့အတွက်သာ အဆင်ပြေသွားခဲ့ပြီး ဘရိုဟာအနေနဲ့ မကြာခင်မှာ ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံကလပ် ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့နိုင်တော့မှာပဲ ဖြစ်ပါတယ်။