အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်းကြီးဖြစ်သူ အာဆင်ဝင်းဂါးက သူရဲ့အသင်းဟောင်း အာဆင်နယ်အနေနဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာကို ခေါ်ယူဖို့ ကြိုးပမ်းသွားသင့်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ်အသင်းက လက်ရှိ အချိန်မှာ အထောင်တိုက်စစ်မှူး နေရာအတွက် ထိပ်တန်း ကစားသမားတစ်ဦးကို ခေါ်ယူဖြည့်တင်းဖို့ လိုအပ်နေပြီး တိုက်စစ်မှူး အများအပြားကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Photo Credit : The Sun

ဒါပေမယ့် အာဆင်နယ် လိုချင်နေတဲ့ တိုက်စစ်မှူးတွေထဲက အခု ဆောင်းဈေးကွက်ထဲမှာ ခေါ်ယူဖို့ ခဲယဉ်းလို့နေပြီး ပြောင်းရွှေ့ကြေးတွေဟာလည်း ခေါင်ခိုက်နေလွန်းတာကြောင့် အာဆင်နယ်အနေနဲ့ လိုအပ်နေတဲ့ တိုက်စစ်မှူးတစ်ဦး ရရှိဖို့က ခဲယဉ်းနေရပါတယ်။

ဒီအချိန်မှာ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက အာဆင်နယ်ဟာ ဆော်ဒီကို ရောက်ရှိနေတဲ့ ပြင်သစ် တိုက်စစ်မှူးကြီး ဘန်ဇီမာကို ကြိုးပမ်းသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။ အသက် (၃၆)အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဘန်ဇီမာဟာ ဆော်ဒီပရိုလိဂ်ရဲ့ လက်ရှိချန်ပီယံ အယ်လ်အစ်တီဟတ်မှာ ပါဝင်ကစားနေသူလည်း ဖြစ်ပါတယ်။

Photo Credit : Forbes

ရီးယဲလ် မက်ဒရစ်အသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ကစားရင်း ဘာလွန်းဒေါဆုအပြင် အသင်းလိုက် အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့တဲ့ ဘန်ဇီမာက ဒီနွေမှ ဆော်ဒီကို ပြောင်းရွှေ့လာရင်း အခုတော့ ဆော်ဒီမြေမှာ အဆင်မပြေ ဖြစ်နေတာကြောင့် ဥရောပ ဘောလုံးနယ်ပယ်ဆီကို ပြန်လည် ပြောင်းရွှေ့ချင်နေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဘန်ဇီမာကို ပြင်သစ် ဘောလုံးသမားဟောင်း လူးဝစ် ဆာဟာက သူ့အသင်းဟောင်း မန်ယူနိုက်တက်က ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့သလို အခုလည်း အာဆင်ဝင်းဂါးကပါ သူ့အသင်းဟောင်း အာဆင်နယ်အနေနဲ့လည်း ဘန်ဇီမာကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။