ချန်ပီယံရှစ်ကလပ် ဘန်လေ ကနေ တူရကီ နာမည်ကြီးကလပ် ဘက်ဆစ်တပ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားနေတဲ့ ဗက်ဟော့စ်က ယခု အပြောင်းအရွှေ့ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဆီ အငှားနဲ့ ပြောင်းရွှေ့နိုင်ဖို့ သူကိုယ်တိုင် ဘန်လေ ၊ ဘက်ဆစ်တပ်တို့ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဗက်ဟော့စ်က ယခုနှစ် ဘောလုံးရာသီမှာ တူရကီ နာမည်ကြီးကလပ် ဘက်ဆစ်တပ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး ဖြစ်ပြီး သူက ဘက်ဆစ်တပ် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Goal

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ယခု ဆောင်းဈေးကွက် အတွင်းမှာ သူတို့ရဲ့ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ ရေတိုဖြေရှင်းနည်း အဖြစ် နံပါတ်၉ တိုက်စစ်မှူး တဦးကို အငှားနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူနဲ့ တနိုင်ငံထဲသား ဗက်ဟော့စ်ကို ခေါ်ယူချင်နေပါတယ်။

ဗက်ဟော့စ်ကလည်း သူ့ရဲ့ ကစားသမား ဘဝမှာ ရှားရှားပါးပါး ရလာတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့်ကို လက်လွှတ်မခံလိုပဲ တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရလာတဲ့ အချိန်မှာ ချက်ချင်းဆိုသလို ဘန်လေရဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်ကာ သူ့ကို အသင်းပြောင်းနိုင်အောင် ကူညီပေးဖို့ ပြောကြားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: Goal

ဒါ့အပြင် ဗက်ဟော့စ်က ဘက်ဆစ်တပ်အတွက် နောက်ဆုံး ကစားပေးထားတဲ့ ဘက်ဆစ်တပ် ၂-၁ ကာဆင်ပါဆာ ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ဘက်ဆစ်တပ်ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီး ယနေ့မနက် အစောပိုင်းမှာလည်း ဗက်ဟော့စ်က ဘက်ဆစ်တပ်ရဲ့ ဥက္ကဌထံ သူကိုယ်တိုင် ဆက်သွယ်ကာ သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ တောင်းခံခဲ့ကြောင်း တူရကီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘက်ဆစ်တပ်ကတော့ သူတို့ဆီ အငှားနဲ့ လာရောက် ကစားနေတဲ့ ဗက်ဟော့စ်ကို လိုချင်ရင် လျော်ကြေးပေးရမယ်လို့ တရားဝင် အသိပေးထားပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဗက်ဟော့စ် အတွက် အငှားကြေး ယူရို ၂သန်း ဝန်းကျင် သုံးစွဲဖို့ အဆင်သင့် ရှိနေတာကြောင့် ဘန်လေက ဘက်ဆစ်တပ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ ဗက်ဟော့စ် အတွက် ကြားဝင် ညှိနှိုင်းပေးနေကာ မကြာခင်မှာပဲ ဗက်ဟော့စ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။