ဗောက် ဗက်ဟော့စ်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပါဝင် ကစားခွင့် ရခဲ့တဲ့ (၆)လတာ အခိုက်အတန့်ဟာ သူ့အတွက်တော့ အိမ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်ခွင့် ရခဲ့တဲ့ အချိန်တွေ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဗက်ဟော့စ်ဟာ ယူနိုက်တက်အသင်းဆီ ပြီးခဲ့တဲ့ ရာသီကုန်အထိ (၆)လအငှားနဲ့ လာရောက် ကစားခဲ့ရင်း ပြိုင်ပွဲစုံ (၃၁)ပွဲကစား (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် အသင်းအတွက်ကိုတော့ passion အပြည့်နဲ့ ဆော့ကစားပေးတတ်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

Photo Credit : Football365

အခုတော့ အသက် (၃၁)အရွယ် တိုက်စစ်မှူးက ဘန်လေကို ပြန်ရောက်နေပေမယ့် ဘန်လေက သူ့ကို ဆက်သုံးဖို့ အစီအစဉ် မရှိတာကြောင့် ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဟော်ဖန်ဟင်မ်အသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ထပ်မံ ပြောင်းရွှေ့ရဖို့ ရှိနေပါတယ်။

ယူနိုက်တက်မှာ ပါဝင်ခဲ့ရချိန်တွေနဲ့ ပတ်သက်ပြီး ဗက်ဟော့စ်က “ချစ်လှစွာသော မန်ယူနိုက်တက်အသင်း ပရိသတ်များရေ အရာအားလုံးအတွက် ခင်ဗျားတို့ကို ကျွန်တော် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီကလပ်အသင်းမှာ ပါဝင်ခွင့် ရခဲ့တဲ့ အချိန်တိုင်း စက္ကန့်တိုင်းကို ကျွန်တော် အရမ်းပဲ နှစ်သက် မြတ်နိုးမိပါတယ်။”

Photo Credit : Goal

“ဆုဖလား ရရှိခဲ့တာကနေ အိုးထရက်ဖို့ဒ်မှာ ဘက်တစ်အသင်းနဲ့ပွဲအတွင်း ဂိုးသွင်းယူနိုင်ခဲ့တာ အပါအဝင်ပေါ့။ အိမ်မက်တွေက တကယ် ဖြစ်လာခဲ့ရတယ်။ ယူနိုက်တက်ရဲ့ လိုဂိုကို ဆင်မြန်းထားရချိန်က မယုံနိုင်စရာကောင်းလောက်အောင် ဂုဏ်ယူမိခဲ့ရတယ်။”

“အနာဂတ်မှာ အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ကျွန်တော် ဆန္ဒပြုမိပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း ပရိသတ်တွေအားလုံးကိုလည်း အရာအားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်။” လို့ ဗီဒီယို မက်ဆေ့ချ်ထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။