ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဝါကတ် ၁ကတ် ထပ်ထိသွားတာကြောင့် ၁ပွဲပယ် ပြစ်ဒဏ် ကျခံရတော့မယ့် အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုး မပါဝင်နိုင်လည်းပဲ သူတို့အသင်းဟာ အာဆင်နယ်ကို အနိုင်ယူနိုင်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး တန်ဟက်ဂ်က အဆိုပါပွဲမှာ ကတ်စ်မဲရိုး အပါအဝင် အဓိက ကစားသမား အများအပြားကို ထုတ်သုံးခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်မတိုင်ခင်မှာ အဝါကတ် ၄ကတ် ထိထားတာကြောင့် ပဲလေ့စ်နဲ့ပွဲမှာ အဝါကတ် ထပ်ထိရင် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကို လွဲချော်ရမှာ ဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားခဲ့ချိန်မှာလည်း ကတ်စ်မဲရိုးက ပဲလေ့စ် အသင်းခေါင်းဆောင် ဇာဟာရဲ့ တိုက်စစ်ဆင်မှုကို ဟန့်တားရာ ကနေ အဝါကတ် ထိခဲ့ပါတယ်။

အဝါကတ် ၅ကတ် ပြည့်သွားခဲ့တာကြောင့် ကတ်စ်မဲရိုးက တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပြီး ကတ်စ်မဲရိုးဟာ ယူနိုက်တက် အတွက် အခရာကျတဲ့ ကစားသမားမျိုး ဖြစ်တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ ကတ်စ်မဲရိုး မပါဝင်နိုင်ချိန်မှာ ယူနိုက်တက်က အာဆင်နယ်ကို အဝေးကွင်းမှာ အနိုင်ရဖို့ ခက်လိမ့်မယ် ဆိုပြီး သုံးသပ်နေကြပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ အဆိုပါ သုံးသပ်မှုတွေကို လက်မခံပဲ သူတို့အသင်းဟာ ကတ်စ်မဲရိုး မပါပဲနဲ့ အာဆင်နယ်ကို ပထမအကျော့မှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူထားတာကြောင့် ယခုတကြိမ်မှာလည်း ကတ်စ်မဲရိုး မပါပဲနဲ့ အာဆင်နယ်ကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ခရစ္စတယ် ပဲလေ့စ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “နောက်ဆုံးတကြိမ် တွေ့ခဲ့တုန်းက ကျွန်တော်တို့ဟာ ကတ်စ်မဲရိုး မပါပဲနဲ့ အာဆင်နယ်ကို အနိုင်ယူထားတာပါ။ ကတ်စ်မဲရိုးက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမား တယောက် ဖြစ်သလို သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ကျွန်တော်တို့က ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပြီး အခု ရပ်တည်နေနိုင်တဲ့ အဆင့်ဆီ ရောက်နေတာပါ။ ကျွန်တော်တို့မှာ တခြား ကစားသမားတွေ ကျန်နေပါသေးတယ်။ သူတို့က ကတ်စ်မဲရိုးရဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်သလို ကျွန်တော်တို့ကလည်း ကျန်တဲ့ ကစားသမားတွေနဲ့ ကစားကွက်တွေ ဖော်နိုင်ပါသေးတယ်။ ကျွန်တော်တို့က အသင်းလိုက် စွမ်းဆောင်ရည်နဲ့ အာဆင်နယ်ကို အနိုင်ယူနိုင်စွမ်း ရှိကြောင်းကို သက်သေပြထားပြီးပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။