မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းအနေနဲ့ အဲဗာတန်ကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ပွဲပြီးရလဒ် (2-0) ထက် ပိုမိုပြီး ပြတ်သားတဲ့ ရလဒ်မျိုး ဖြစ်သင့်သလို (၃) (၄)ဂိုးလောက် အလွယ်တကူ သွင်းယူနိုင်တယ်လို့ပါ ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီပွဲမတိုင်ခင် အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ရှုံးနိမ့်ထားသလို မန်ချက်စတာဒါဘီမှာလည်း မြို့ခံကလပ် မန်စီးတီးအသင်းကို လုံးဝ ယှဉ်ကစားနိုင်ခြင်း မရှိပဲ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ အပြတ်အသတ် အရှုံးပေးခဲ့ရပါတယ်။

Photo Credit : Man Utd

အခုတော့ အဲဗာတန်ကို ပေးဂိုးတောင် ခွင့်မပြုရပဲ (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး (၃)မှတ် ရယူနိုင်ခဲ့ပေမယ့် တန်ဟက်ဂ်ကတော့ သူ့အသင်းဟာ ဒီပွဲမှာ ဒီထက်မကတောင် အပြတ်အသတ် စွမ်းဆောင်နိုင်ခဲ့ရမှာလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ “ဒီပွဲမှာ (၃) (၄)ဂိုးလောက်အထိ လွယ်လွယ်ကူကူ သွင်းယူနိုင်ခဲ့ရမှာ။”

“ကျွန်တော်တို့အသင်းရဲ့ ခံစစ်ကစားပုံကလည်း ကောင်းမွန်ခဲ့ပါတယ်။ နောက်ပြီး တစ်ပွဲလုံးမှာလည်း ကျွန်တော်တို့ရဲ့ Expected Goals xG ကလည်း အဲဗာတန်အသင်းထက် သာလွန်နေတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။ Build-up လုပ်တဲ့ အခါကျရင်တော့ အသင်းက ပိုပြီး တည်ငြိမ်မှု ရှိရှိနဲ့ ကစားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။”

Photo Credit : centredevils

“ဂါနာချိုကလည်း အတော်လေး ခြေစွမ်းပိုင်း တိုးတက်လာခဲ့တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း ကျေနပ်နေရပါတယ်။ ဒီနေ့ပွဲအတွက် သူရဲ့ ဂိုးပါဝင်ပတ်သက်နိုင်မှုက အတော်လေးကို ကြီးမားခဲ့ပါတယ်။ ကောင်းမွန်တဲ့ အလိမ်အခေါက်တွေ လုပ်ဆောင်ခဲ့သလို ထိုက်တန်တဲ့ ပင်နယ်တီတွေကိုလည်း ရယူနိုင်ခဲ့တယ်။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာမှာ ရပ်တည်နေပြီး ဒီနေ့မှာပဲ အဆင့်(၄)က ဗီလာနဲ့ အဆင့်(၅)က စပါးတို့ ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်လို့ ဒီပွဲမတိုင်ခင် နိုင်ပွဲရထားတဲ့ ယူနိုက်တက်က အခွင့်အရေးကောင်းတစ်ခုကို ဖန်တီးထားနိုင်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။