မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဝိန်းရွန်နီက သူ့အသင်းဖော်ဟောင်း ခရစ္စတီယာနိုရော်နယ်လ်ဒို ယူနိုက်တက်ကနေ ဒုတိယအကြိမ် ခွဲခွာသွားခြင်းက စိတ်ပျက်စရာကောင်းခဲ့ရပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အတွက်တော့ အမြဲတမ်း ဂန္တဝင်ကစားသမားတစ်ဦးပါပဲလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sporting News

တချိန်တုန်းက ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှာ အကောင်းဆုံး တွဲဖက်မိခဲ့ကြတဲ့ ရော်နယ်လ်ဒိုနဲ့ ရွန်နီတို့ဟာ လက်ရှိအချိန်မှာတော့ ရွန်နီက နည်းပြတစ်ဦးအဖြစ် ပြောင်းလဲ အသက်မွေးနေခဲ့ပေမယ့် ရော်နယ်လ်ဒိုကတော့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းနေဆဲဖြစ်ပြီး သူ ပါဝင်ကစားနေတဲ့ အသင်းတွေအတွက်ကိုလည်း ဂိုးတွေ သွင်းယူပေးနိုင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုရဲ့ မန်ယူနိုက်တက်အသင်းဆီ ဒုတိယအကြိမ် ပြန်ရောက်လာခြင်းက ကောင်းသော ပြန်လာခြင်းမျိုး မဖြစ်ခဲ့ပဲ အဆုံးသတ်လည်း မလှမပ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေပါစေ ရော်နယ်လ်ဒိုက ယူနိုက်တက်ရဲ့ အမြဲတမ်း legend တစ်ဦးလို့ အသင်းဖော် ရွန်နီက မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

“သူ မန်ချက်စတာယူနိုက်တက်အသင်းမှာ လုပ်ဆောင်ပြသွားခဲ့တဲ့ အရာတွေ အားလုံးက ခမ်းနားလွန်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရခဲ့တယ်။ ချန်ပီယံလိဂ်ဖလား ရခဲ့တယ်။ ဂိုးတွေ အများကြီးလည်း သွင်းယူပေးခဲ့တယ်။ ဒါကြောင့် အထူးသဖြင့် ပရိသတ်တွေအတွက် အထူးသဖြင့် ကျွန်တော်တို့ခေတ်တုန်းက သူနဲ့ တွဲဖက်ကစားခဲ့တဲ့ အသင်းဖော်ဟောင်း ကစားသမားတွေအတွက် သူ မန်ချက်စတာယူနိုက်တက်မှာ လုပ်ပေးခဲ့တာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်”

Photo Credit : Marca

“ကျွန်တော့်အမြင်အရဆိုရင်တော့ သူက ကလပ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်အဖြစ် အမြဲတမ်း တည်ရှိနေမှာပါ။ ဒီတစ်ကြိမ် အသင်းကနေ ထွက်ခွာခြင်းရက စိတ်ပျက်စရာကောင်းရတယ် ဆိုပေမယ့်လည်း ဒီကိစ္စရပ်တွေက သူ့ကို အသင်းရဲ့ ဂန္တဝင်ကစားသမားအဖြစ်ကနေ ဘယ်လိုမှကို မဖယ်ရှားပစ်နိုင်ပါဘူး သူက အသင်းရဲ့သမိုင်းမှာ အထင်ရှားဆုံး legend တစ်ယောက်အဖြစ် အမြဲ ရှိနေဆဲပါပဲ” လို့ ရွန်နီက သူ့အသင်းဖော်ဟောင်းအပေါ် မှတ်ချက်ပြုသွားခဲ့ပါတယ်။