အက်စတွန် ဗီလာအသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား အိုလီ ဝက်ကင်းစ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ဒီရာသီထဲမှာ on fire ဖြစ်လို့နေရပြီး အခုလည်း ဗီလာအတွက် ​ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားထားပြီးချိန် သူရဲ့ ဂိုးပါဝင်ပတ်သတ်မှု အရေအတွက်က (၁၄)ဂိုးအထိတောင် ရှိနေရပါတယ်။

အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူး ဝက်ကင်းစ်ဟာ နည်းပြ အူနိုင်း အမ်မရီလက်ထက်မှာ ပိုလို့တောင် တောက်ပလာခဲ့ရပြီး အခုလည်း သူရဲ့ အကောင်းဆုံး စွမ်းဆောင်မှုတွေကြောင့် အာဆင်နယ်အသင်းကပါ လာမယ့် ဆောင်းစျေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခြင်း ခံလာရပါတော့တယ်။

Photo Credit : Birmingham Live

ဒီနွေမှာ တိုက်စစ်အတွက် လေဗာကူဆင်က ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား မူဆာ ဒီယာဘီကို ခေါ်ယူ အားဖြည့်ခဲ့တဲ့ ဗီလာအသင်းဟာ အထောင်တိုက်စစ် နေရာမှာတော့ ဝက်ကင်းစ် တစ်ဦးတည်းကိုပဲ အမာခံ ကစားသမားအဖြစ်နဲ့သာ ယုံယုံကြည်ကြည် နေရာပေးထားခဲ့ပါတယ်။ ဒါကို ဝက်ကင်းစ် ကိုယ်တိုင်ကလည်း အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ကစားသမားဟောင်း ဝက်ကင်းစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာအတွက် ပြိုင်ပွဲစုံ (၁၆)ဂိုးသွင်းပြီး (၆)ဂိုး ဖန်တီးထားနိုင်ခဲ့လို့ သူရဲ့ ဂိုးပါဝင်ပတ်သတ်မှုနှုန်းက (၂၂)ဂိုးထိ ရှိထားခဲ့ပေမယ့် ဒီရာသီမှာတော့ ရာသီဝက်တောင် မရောက်သေးချိန် (၁၅)ပွဲသာ ကစားထားရချိန်မှာတောင် (၉)ဂိုးသွင်း (၅)ဂိုးဖန်တီးထားလို့ ဂိုးပါဝင်ပတ်သတ်မှုက (၁၄)ဂိုးအထိပါ ရှိနေရပါတယ်။

Photo Credit : Goal

ဝက်ကင်းစ်ဟာ ပြီးခဲ့တဲ့ ရာသီကထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ပြီး ဗီလာကိုလည်း ပရီးမီးယားလိဂ်မှာပါ မြင့်မားတဲ့ အဆင့်ရပ်တည်မှု ရလာအောင် လုပ်ဆောင်ပေးသွားဖွယ် ရှိနေပါတယ်။

ဗီလာအသင်းအနေနဲ့ကလည်း ဒီရာသီမှာ ဥရောပ အောင်မြင်မှုအဖြစ် ကွန်းဖရန့်စ်လိဂ်ဖလားကြီးကို မျှော်လင့်ခွင့် ရှိနေတာဖြစ်လို့ မနှစ်က ဝက်စ်ဟမ်းတို့ စွမ်းဆောင်ပြခဲ့သလိိုမျိုး ကွန်းဖရန့်စ်လိဂ်မှာ ပရီးမီးယားလိဂ် ကလပ်တွေကပဲ နှစ်ရာသီဆက်တိုက်ထိ လွှမ်းမိုးထားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။