ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက ဗဟိုနောက်ခံလူ ဗာဂျယ် ဗန်ဒိုက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်ခဲ့တဲ့ သူဟာ ရာသီကုန်ချိန်မှာ လီဗာပူးကို စွန့်ခွာနိုင်တယ် ဆိုတဲ့ သတင်းတွေဟာ မှားယွင်းကြောင်းနဲ့ သူက လီဗာပူးအပေါ် သစ္စာရှိနေဆဲ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် လီဗာပူးနဲ့ နယ်သာလန်တို့ရဲ့ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်က ၂၀၁၈ခုနှစ်မှာ ဆောက်သမ်တန် ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက လီဗာပူးထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဗာဂျယ် ဗန်ဒိုက်က လီဗာပူးဆီ ရောက်ရှိပြီးနောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ အဖြစ်ပါ သတ်မှတ်ခံခဲ့ရသလို လီဗာပူးကလည်း ဗန်ဒိုက်ရဲ့ အကူအညီနဲ့ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ ဥရောပ စူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလား စတဲ့ အထင်ကရ ဆုဖလားတွေ အပါအဝင် ဆုဖလား ၇လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးရဲ့ ပရိသတ်တွေက ဗန်ဒိုက်ကို သူတို့အသင်းမှာပဲ အနားယူစေချင်နေကြကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ဗန်ဒိုက်က နည်းပြချုပ် ကလော့ပ်သာ မရှိတော့ရင် အသင်းရဲ့ စီမံကိန်းတွေက သေချာပေါက် ပြောင်းလဲသွားမှာ ဖြစ်သလို သူအပါအဝင် လီဗာပူးရဲ့ ကစားသမားတွေက စီမံကိန်းအသစ်မှာ ပါဝင်မလား ၊ မပါဝင်ဘူးလား ဆိုတာ အသေအချာ မဆုံးဖြတ်ရသေးဘူးလို့ အင်တာဗျူး တခုမှာ ပြောခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာနတွေက အဆိုပါ အင်တာဗျူးကို ကိုးကားပြီး ဗန်ဒိုက်ဟာ လီဗာပူးကို ရာသီကုန်ချိန်မှာ စွန့်ခွာနိုင်တယ် ဆိုတဲ့ သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြခဲ့ကြကာ ဗန်ဒိုက်ကတော့ သတင်းဌာနတွေဟာ သူ့ရဲ့ စကားကို မှားယွင်းစွာ ကောက်ချက်ချခဲ့တာ ဖြစ်ကြောင်းနဲ့ သူဟာ လီဗာပူးအပေါ် သစ္စာရှိနေဆဲ ဖြစ်ကြောင်း နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြန်လည် ရှင်းပြသွားခဲ့ပါတယ်။

ဗန်ဒိုက်က – “ထွက်နေတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ရှင်းပြသွားပါမယ်။ ကျွန်တော်က လီဗာပူးအပေါ် ၁၀၀ရာခိုင်နှုန်း သစ္စာရှိနေဆဲပါ။ ကျွန်တော်က လီဗာပူးရဲ့ ပရိသတ်တွေကို ချစ်ပါတယ်။ အဲ့ဒီသတင်းတွေက မှားယွင်းတဲ့ ကောက်ချက်ချမှုတွေကြောင့် ဖြစ်လာတာပါ။ ကျွန်တော်က ကျွန်တော့်ရဲ့အနာဂတ် အတွက် ပြောခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားသမားတွေ အားလုံးရဲ့ အနာဂတ် ဖြစ်နိုင်ချေ အတွက် ပြောခဲ့တာမျိုးပါ။ အဲ့ဒီသတင်းတွေ (အသင်းပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေ) ထွက်လာတာက အတော်လေး ရယ်စရာကောင်းပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။