ပြီးခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ပွဲစဉ်မှာ လူမျိုးရေး ခွဲခြား စော်ကားခံခဲ့ရပြီး တိုက်ရိုက် အနီကတ်ပါ ပြသခံခဲ့ရတဲ့ ဗင်နီစီယပ်စ်ကို မနေ့ကပဲ အနီကတ် ပြစ်ဒဏ်ကနေ ပယ်ဖျက်ပေးလိုက်ပေမယ့် ဘယ်ဘက် ဒူးမှာ ဒဏ်ရာပြသာနာ အနည်းငယ် ရှိနေတာကြောင့် ဒီည ဗယ်လက်ကာနိုနဲ့ပွဲကို သေချာပေါက် လွဲချော်ရလိမ့်မယ်လို့ သိရပါတယ်။

Photo Credit : CNN

ရီးယဲလ်အသင်းရဲ့ ဆမ်ဘာကြယ်ပွင့်လေး တောင်ပံ ကစားသမား ဗင်နီစီယပ်စ်ဟာ မက်စ်တဲလားကွင်းမှာ ကစားခဲ့တဲ့ ဗလင်စီယာ နဲ့ ရီးယဲလ် ပွဲစဉ်အတွင်း အိမ်ရှင် ပရိသတ်တွေရဲ့ အသားအရောင် ခွဲခြားမှုနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး မခံမရပ်နိုင်တဲ့အဆုံး ပွဲထကြမ်းခဲ့ရာ နောက်ဆုံးမှာတော့ အနီကတ် ပြစ်ဒဏ်သာ ရရှိသွားခဲ့ပါတယ်။ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ဗင်နီစီယပ်စ်က စပိန် လာလီဂါပြိုင်ပွဲကို စိတ်ပျက်လာပြီး ရီးယဲလ်ကနေပါ ထွက်ခွာဖို့အထိ စဉ်းစားလာခဲ့ပေမယ့် စပိန် ဘောလုံးအဖွဲ့ချုပ်ဘက်က ဗင်နီရဲ့ အနီကတ်ပြစ်ဒဏ်ကို ချက်ချင်း ပယ်ဖျက်ပေးလိုက်သလို VAR နေရာမှာ တာဝန်ယူထားတဲ့ ဒိုင်လူကြီးကိုလည်း ရာထူးကနေ ထုတ်ပယ်ခဲ့ပါသေးတယ်။

Photo Credit : The Times

ဒါတွေတင်မကသေးပဲ လူမျိုးရေး ခွဲခြားမှုတွေ လုပ်ဆောင်ခဲ့တဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး ဗလင်စီယာအသင်းကို ငွေဒဏ်ရိုက်ခဲ့သလို မက်စ်တဲလားကွင်းရဲ့ ပွဲကြည့်စင်တချို့ကိုပါ (၅)ပွဲဆက်တိုက်အထိ ပရိသတ် မပါဝင်ပဲ ကစားရပါတော့မယ်။ ဗင်နီစီယပ်စ်ကို အနီကတ် ပြစ်ဒဏ်ကနေ ဖယ်ရှားပေးခဲ့ပေမယ့်လည်း ဒီည ဘာနေဗျူးကွင်းမှာ ကစားသွားရမယ့် ဗယ်လက်ကာနိုအသင်းနဲ့ လာလီဂါပွဲကိုတော့ လွဲချော်သွားရပါတော့မယ်။

Photo Credit : SuperSports

ဗင်နီဟာ အနီကတ်ကနေ လွတ်ကင်းသွားရပေမယ့် သူ့မှာ ဒူးဒဏ်ရာ ရရှိနေတာဖြစ်လို့ အသင်းနဲ့အတူ လိုက်ပါ ကစားနိုင်တော့မှာ မဟုတ်ပဲ အသင်း ကစားတာကိုသာ ကွင်းထဲ လာရောက် အားပေးဖို့သာ ရှိနေပါတယ်။ လက်ရှိ အခြေအနေတွေအရတော့ ရီးယဲလ်ဘက်က သူတို့ ကြယ်ပွင့် ကစားသမားလေးကို လုံးဝ လက်မလွတ်ရဖို့အတွက် လူမျိုးရေး ခွဲခြားမှုတွေအပေါ် ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ပါ ကြိုးပမ်းနေပါတယ်။