အက်စတွန် ဗီလာအသင်းဟာ ရိုးမားအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပါလို ဒီဘားလားကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့အတွက် ဒီဘားလားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဗီလာအသင်းဟာ နည်းပြ အူနိုင်း အမ်မရီလက်ထက်မှာ တိုးတက်ကောင်းမွန်လာခဲ့ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် မျှော်လင့်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အပြင် ကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲဘက်မှာလည်း ကွာတားဖိုင်နယ်ထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေမျ်ိုးထိ ရောက်နေတဲ့ ဗီလာအသင်းက လာမယ့်ရာသီမှာ အသင်းရဲ့ ကစားသမားအင်အားကို ပိုမို တောင့်တင်းလာစေဖို့အတွက် အာဂျင်တီးနား ထိပ်တန်းကစားသမား ဒီဘားလားကို ခေါ်ယူသွားဖို့အထိပါ စီစဉ်လာခဲ့ပါတယ်။

ရိုးမားအသင်းကလည်း ဒီဘားလားကို ဂျုဗင်တပ်စ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့စဉ်ကတည်းက ဒီဘားလားရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အီတလီကလပ်တွေအတွက် ယူရို သန်း(၂၀) သတ်မှတ်ခဲ့ပေမယ့်လည်း ပြည်ပကလပ်တွေအတွက်ကိုတော့ ယူရို (၁၂)သန်းတည်းသာ သတ်မှတ်ခဲ့ပါတယ်။

Aston Villa signing Paulo Dybala 'would be sensational'

Photo Credit : GiveMeSports

ယူရို (၁၂)သန်းက ဒီဘက်ခေတ် ဘောလုံးကလပ်အသင်းတွေအတွက် အလွန် နည်းပါးလွန်းတဲ့ တန်ကြေးမျိုး ဖြစ်နေတာကြောင့် ဒီဘားလားကို ခေါ်ယူဖို့ ကလပ်အသင်းတိုင်းလိုလို စိတ်ဝင်စားနေကြပြီး ဒီထဲမှာ ဗီလာအသင်းလည်း ပါဝင်လို့နေပါတယ်။

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဒီဘားလားကလည်း ကစားသမားဘဝတစ်လျှောက် အီတလီ စီးရီးအေမှာပဲ ကျင်လည်ခဲ့ရပေမယ့် ရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါတို့မှာပါ သွားရောက် ကစားချင်နေတဲ့အတွက် ဒါက ဗီလာအတွက် အခွင့်အရေးကောင်း ဖြစ်နိုင်ပေမယ့် ဒီဘားလားရဲ့ လုပ်ခလစာကတော့ မြင့်မားနိုင်တာကိုတော့ သတိထားရဖွယ် ရှိနေပါတယ်။