ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေတဲ့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် နာပိုလီရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ ကြိုးစားရန် ဆုံးဖြတ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၄၆၀သန်းကျော် အသုံးပြုကာ ကစားသမားသစ် ၁၂ဦး အထိ ခေါ်ယူခဲ့ပေမယ့် ကစားသမား အများစုက အသင်းနဲ့ အထိုင်ကျဖို့ ရုန်းကန်နေရဆဲ ဖြစ်သလို ပါဝင် ကစားခွင့် ရနေတဲ့ ကစားသမားတွေကလည်း အားကိုးလို့ မရသေးပါဘူး။

Photo Credit: 90 Min

ချယ်လ်ဆီးရဲ့ ကစားသမားသစ်တွေ အနက် ပါလ်မာ ၊ ဂျက်ဆန် ၊ ဒီဆာဆီ ၊ ရော်ဘတ် ဆန်းချက်ဇ် စတဲ့ ကစားသမားတွေကသာ အသင်းအတွက် အကျိုးပြုနေနိုင်ပြီး ကိုင်စီဒို ၊ လာဗီယာနဲ့ အန်ကွန်ကူတို့လို ပြောင်းရွှေ့ကြေးမြင့် ကစားသမားတွေဟာ ဒဏ်ရာပြဿနာတွေကြောင့် ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကို အတတ်နိုင်ဆုံး အားဖြည့်ဖို့ ဆုံးဖြတ်ထားကြပြီး ချယ်လ်ဆီးရဲ့ နံပါတ်တစ်ပစ်မှတ်ကတော့ နာပိုလီတိုက်စစ်မှူး အိုဆီမန်ပဲ ဖြစ်ပါတယ်။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နာပိုလီအတွက် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စကူဒက်တိုဆုဖလားကို ရယူပေးနိုင်ခဲ့တာကြောင့် နေပယ်လ်မြို့ရဲ့ သူရဲကောင်း အဖြစ် သတ်မှတ်ခံထားရပေမယ့် သူက ဒီရာသီမှာ နာပိုလီရဲ့ နည်းပြဟောင်း ဂါစီယာ အပါအဝင် တာဝန်ရှိသူ တချို့နဲ့ စကားများထားတာကြောင့် နာပိုလီမှာ မပျော်ရွှင်တော့သူပါ။

Photo Credit: Standard

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုနဲ့ အင်္ဂလန် နာမည်ကြီး သတင်းထောက် မက်ဂရက်မိုက်တို့ရဲ့ ဖော်ပြချက်တွေအရ ချယ်လ်ဆီးက လာမယ့် ဆောင်းဈေးကွက်မှာပဲ အိုဆီမန်ကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်သလို အိုဆီမန်ကလည်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး နာပိုလီကသာ အိုဆီမန်ကို ရောင်းချဖို့ သဘောတူခဲ့မယ် ဆိုရင် အိုဆီမန်ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။

နာပိုလီကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း ရရှိဖို့ မျှော်မှန်းထားကြောင်း သတင်းလွှင့်ထားပေမယ့် အကယ်၍ ချယ်လ်ဆီးကသာ ယူရို ၁၀၀သန်း ဝန်းကျင်နဲ့ အိုဆီမန်ကို ကမ်းလှမ်းခဲ့မယ် ဆိုရင် နာပိုလီဘက်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိပါတယ်။