ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ကမှ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဖရန့်ဖတ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ဟာ အသင်းရဲ့ ကွန်းဖရန့်စ်လိဂ် ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိဘူးလို့ သိရှိရပါတယ်။

ဖရန့်ဖတ်အသင်းက ဆောင်းဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို အများအပြား လုပ်ဆောင်ခဲ့ပြီး ယူနိုက်တက်မှာ နေရာမရ ဖြစ်နေတဲ့ အေဂျက်စ် ကစားသမားဟောင်း ဗန်ဒီဘိခ်ကိုလည်း ရာသီကုန်အထိအငှား + အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။

Photo Credit : Transfermarket

ဒါပေမယ့် အသင်းရဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ် ကစားသမားစာရင်းမှာတော့ ဗန်ဒီဘိခ်ကို ထည့်သွင်းခဲ့ခြင်း မရှိပဲ တခြားသော ကစားသမားသစ်တွေဖြစ်တဲ့ တိုက်စစ်မှူး ကလာဂျစ် တိုက်စစ်မှူး အက်ခီတီခေ ဘယ်နောက်ခံလူ ဖီးလစ်မက်ဇ်တို့ကိုသာ ထည့်သွင်းသွားခဲ့ပါတယ်။

UEFA က ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်လို့အပြီး ရှုံးထွက်ပွဲတွေ မတိုင်ခင်မှာ အသင်းတစ်သင်းအနေနဲ့ ကစားသမား (၃)ဦးအထိ ပြောင်းလဲ အသုံးပြုခွင့် ရှိပေမယ့် ဖရန့်ဖတ်ကတော့ ကလာဂျစ် အက်ခီတီခေ နဲ့ ဖီးလစ်မက်ဇ်တို့ကိုသာ ရွေးချယ်ခဲ့ပြီး ဗန်ဒီဘိခ်ကိုတော့ ချန်လှပ်ခဲ့ပါတယ်။

Photo Credit : SPORTbible

ဗန်ဒီဘိခ်ဟာ ဖရန့်ဖတ်အသင်းကို စတင် ပြောင်းရွှေ့ကတည်းက (၃)ပွဲဆက်တိုက်အထိ ပါဝင်ကစားခွင့် ရခဲ့ပေမယ့် စတုတ္ထမြောက် ပွဲစဉ်ဖြစ်တဲ့ ကိုလုံးအသင်းနဲ့ ပွဲစဉ်မှာတော့ အရန်အဖြစ်သာ ပါဝင်ခဲ့ရပြီး ပွဲကစားခွင့်လည်း မရှိခဲ့ပဲ unused substitute သာ ဖြစ်ခဲ့ရပါတယ်။

လက်ရှိမှာ အသက် (၂၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဗန်ဒီဘိခ်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ကတည်းက အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ရင်း ယူနိုက်တက်မှာ အတော်လေး ရုန်းကန်ခဲ့ရပြီး (၃)နှစ်တာအတွင်း ပြိုင်ပွဲစုံ (၆၂)ပွဲသာ ကစားခဲ့ရသလို ပွဲအများစုကိုလည်း လူစားဝင်အဖြစ်နဲ့ပဲ ကစားခွင့်ရခဲ့ပါတယ်။