၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်ရဲ့ နည်းပြချုပ် ဗန်ဟားလ်က ယမန်နေ့ညမှာ ကမ္ဘာ့ဖလား ၁၆သင်း ရှုံးထွက်အဆင့် ပွဲတပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ နယ်သာလန် ၃-၁ အမေရိကန် ပွဲစဉ်မှာ နယ်သာလန် အတွက် အထူးတလည် ခြေစွမ်းပြနိုင်ခဲ့တဲ့ ညာနောက်ခံလူ ဒမ်ဖရိုင်းကို အနမ်းတပွင့် ပေးကာ ဆုချမယ်လို့ ပွဲအပြီးမှာ ရယ်ရယ်မောမော ပြောကြားသွားခဲ့ပါတယ်။

အုပ်စုAရဲ့ အုပ်စုဗိုလ် နယ်သာလန်နဲ့ အုပ်စုBရဲ့ ဒုတိယ အမေရိကန်တို့က ကမ္ဘာ့ဖလား ၁၆သင်း ရှုံးထွက်အဆင့်မှာ ထိပ်တိုက် ရင်ဆိုင် ကစားခဲ့ကြရာ နယ်သာလန်က အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဒီပေး ၊ ဘလိုင်းနဲ့ ဒမ်ဖရိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အမေရိကန်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: The Sun

နယ်သာလန် ၃-၁ အမေရိကန် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိကာ ကြည့်ကောင်းခဲ့ပြီး အမေရိကန်က နယ်သာလန်ကို အတင်းဝင် ၊ အတင်းဖျက် ကစားဟန်နဲ့ တရစပ် ဖိအားပေး ကစားခဲ့ပေမယ့် နယ်သာလန်ကတော့ ခံစစ်အားနည်းတဲ့ အမေရိကန်ကို ဒီပေး ၊ ဂတ်ပိုတို့ရဲ့ ပြေးအားတွေနဲ့အတူ တန်ပြန်တိုက်စစ် ကနေ တဆင့် ဒုက္ခပေးသွားခဲ့ပါတယ်။

အဆိုပါပွဲမှာ နယ်သာလန် အတွက် အဓိက ကျခဲ့တဲ့ ကစားသမားကတော့ ညာအစွန်လူ အဖြစ် ကစားခဲ့တဲ့ ဒမ်ဖရိုင်း ဖြစ်ပြီး ဒမ်ဖရိုင်းက ဒီပေးနဲ့ ဘလိုင်းတို့ရဲ့ ဦးဆောင်ဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း အသင်းအတွက် ပွဲသိမ်းဂိုးကို ပွဲချိန် ၈၁မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ နယ်သာလန်နည်းပြ ဗန်ဟားလ်က ပွဲပြီးဆုံးချိန်မှာ သူတို့အသင်းကို ကွာတားဖိုင်နယ်ဆီ ပို့ပေးခဲ့တဲ့ ဒမ်ဖရိုင်းကို ဆုချဖို့ လိုအပ်ကြောင်းနဲ့ သူဟာ ဒမ်ဖရိုင်းကို အနမ်းတပွင့်နဲ့ ဆုချချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဗန်ဟားလ်က – “ကျွန်တော်က ဒမ်ဖရိုင်းကို မနေ့ကပဲ အာဘွားပေးခဲ့ပါသေးတယ်။ အခု ကျွန်တော်က သူ့ကို အနမ်းတပွင့် ထပ်ပြီး ဆုချပါမယ်။ ဒါကလည်း ခင်ဗျားတို့တွေကို ကျွန်တော်ဟာ တကယ် ဆုပေးတဲ့ နည်းပြတယောက် ဆိုတာ မြင်စေချင်လို့ပါ” ဆိုပြီး ရယ်သွမ်းသွေးကာ ပြောကြားသွားခဲ့တာပါ။