ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးကတော့ လာမယ့်ရာသီ အတွက် သူတို့ရဲ့ တိုက်စစ်ပိုင်းကို ကြီးကြီးမားမား အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ယမန်နေ့ညမှာပဲ ဘင်ဖီကာ ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးက အသင်းကနေ ထွက်ခွာဖို့ တာစူနေတဲ့ ဆာဒီယို မာနေး ၊ အသင်းနဲ့ အနာဂတ် မရေရာတဲ့ ဆာလာနဲ့ ဖာမီနိုတို့ရဲ့ နေရာတွေကို အစားထိုးဖို့ အတွက် ဘင်ဖီကာနဲ့ အတူ တောက်ပနေတဲ့ ဥရုဂွေး ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း + အပိုဆုကြေး ယူရို ၂၀သန်း စုစုပေါင်း ယူရို ၁၀၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ပြီး ဘင်ဖီကာကလည်း သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံကြောင်း နှုတ်အားဖြင့် သဘောတူထားပါတယ်။

Photo Credit: Mirror

ဒါကြောင့် လီဗာပူးက ဒါဝင် နူနက်ဇ်ကို ခေါ်ယူနိုင်ရန် ကစားသမား ၊ သူ့ရဲ့ အေးဂျင့်တို့နဲ့သာ သဘောတူညီမှု ရရှိဖို့ လိုအပ်တော့ပြီး နူနက်ဇ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ ထိပ်တန်း အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာကြောင့် လီဗာပူးဟာ နူနက်ဇ်နဲ့ သဘောတူညီမှု ရဖို့ မခက်ခဲလှပါဘူး။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က အရပ်အမောင်း မြင့်မားကာ ကြံ့ခိုင်မှု အားကောင်းသလို တိုက်စစ်ပိုင်းမှာ တဦးထဲ ကစားနိုင်စွမ်း ရှိတဲ့ နံပါတ်၉ တိုက်စစ်မှူးစစ်စစ် တဦး ဖြစ်ပြီး မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့သွားတဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ကစားပုံ ဆင်တူပါတယ်။

Photo Credit: Mirror

လီဗာပူးရဲ့ အဓိက ခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ကလည်း သူ့ရဲ့ အသင်းဖော်သစ် ဖြစ်လာဖွယ် ရှိနေတဲ့ ဒါဝင် နူနက်ဇ်ကို မကြာသေးမီကမှ ရင်ဆိုင်ရခက်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ချီးကျူးခဲ့ဖူးသလို ဟာလန်းနဲ့ နူနက်ဇ်တို့ရဲ့ ကစားပုံက ဆင်တူကြောင်း သူ့ရဲ့ အမြင်တွေကို ထုတ်ဖော် ပြောပြခဲ့ပါတယ်။

ဗန်ဒိုက်က – “ကျွန်တော်က ကစားပုံ ကွဲပြားတဲ့ တိုက်စစ်မှူးတွေ အများကြီးနဲ့ ရင်ဆိုင် ကစားခဲ့ဖူးသလို ဟာလန်းလို ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့လည်း ယှဉ်ပြိုင် ကစားပြီးပါပြီ။ ဒါဝင် နူနက်ဇ်ကလည်း ဟာလန်းနဲ့ အတော်လေး ကစားပုံ ဆင်တဲ့ တိုက်စစ်မှူးပါ။ သူက အရမ်းကို ဒဲ့တိုးဆန်တယ်။ လျင်မြန်တယ်။ အရပ်အမောင်း မြင့်တယ်။ ကြံ့ခိုင်တယ်။ ဒါကြောင့် ကျွန်တော့်အတွက် သူနဲ့ ဟာလန်းက အတော်လေးကို ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်တွေပါပဲ” လို့ နူနက်ဇ်ကို ချီးကျူးခဲ့တာလည်း ဖြစ်ပါတယ်။