ဥရောပ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အေဂျက် ၊ ရီးရဲလ်မက်ဒရစ်နဲ့ စပါးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဗန်ဒါဗတ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၃-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ခြေစွမ်းအဆိုးဆုံး ကစားသမားပဲလို့ ပြောကာ ဟာလန်းကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

စပိန်ကိုယ်စားပြု ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကိုယ်စားပြု ရီးရဲလ်မက်ဒရစ်တို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ယနေ့မနက် အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ ကစားခဲ့ကြပါတယ်။

Photo Credit: Goal

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပြီး ပွဲအစ ၂မိနစ်မှာတင် ဘာနာဒို ဆေးလ်ဗားက အလွတ်တည်ကန်ဘောကို ဉာဏ်လွှာသုံးကာ လှလှပပ ကန်သွင်းရင်း ဧည့်သည် စီးတီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် စီးတီးရဲ့ ဦးဆောင်ခွင့်က ကြာကြာ မခံခဲ့ပဲ ပွဲချိန် ၁၂မိနစ်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကာမာဗင်ဂါရဲ့ ကန်ချက်က စီးတီး အသင်းခေါင်းဆောင် ရူဘင် ဒီယက်စ်နဲ့ ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာကြောင့် အိမ်ရှင်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။

နောက်ထပ် ၂မိနစ် အကြာမှာ ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ရိုဒရီဂိုက ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အဆုံးသတ်ပြခဲ့တာကြောင့် အိမ်ရှင်တွေဟာ ပထမပိုင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရှုံးလို့ မဖြစ်တဲ့ ဧည့်သည် စီးတီးက တိုက်စစ်မြှင့် ကစားလာခဲ့ပြီး ပွဲချိန် ၆၆မိနစ်နဲ့ ၇၁မိနစ်တွေမှာ ဖိုဒန်နဲ့ ဗာဒီယိုလ်တို့က အဝေးကန်ချက်တွေနဲ့အတူ စီးတီးအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းပေးခဲ့ပါတယ်။

Photo Credit: Football London

ဒါပေမယ့် ဒီတကြိမ် ဦးဆောင်ခွင့်ကလည်း ၈မိနစ်သာ ခံခဲ့ပြီး ပွဲချိန် ၇၉မိနစ်မှာ ပွဲကြီးတွေဆိုရင် ဂိုးသွင်းလေ့ ရှိတဲ့ ဗယ်လ်ဗာဒီက ဘယ်ခြမ်းကနေ ကျလာတဲ့ ဖြတ်တင်ဘောကို မြေမကျ ကန်သွင်းကာ ရီးရဲလ်မက်ဒရစ် အတွက် အဖိုးတန် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးက တဖက် ၃ဂိုးစီ သွင်းယူကာ ဂိုးသွင်းမြိုင်တဲ့ပွဲ ဖြစ်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဟာလန်းကတော့ ခြေစွမ်းတွေ ဆိုးရွားခဲ့ပြီး ဟာလန်းဟာ တပွဲလုံးမှာ ဘောလုံးထိချက် အချက် ၂၀သာ ထိခဲ့ကာ ကွင်းထဲမှာ စွမ်းဆောင်ရည် အနိမ့်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဗန်ဒါဗတ်က ရီးရဲလ်မက်ဒရစ် ၃-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ အဆိုးရွားဆုံး ကစားသမားက ဟာလန်းပဲလို့ ခေါင်းစဉ်တပ်ကာ ဟာလန်းကို ဝေဖန်သွားခဲ့တာပါ။ ဗန်ဒါဗတ်က – “အာလင်း ဟာလန်းရဲ့ ခြေစွမ်းက အရမ်းကို ဆိုးရွားခဲ့ပါတယ်။ တကယ်လို့ သူက ဂိုးမသွင်းနိုင်ဘူး ဆိုရင် အသင်းအတွက် အတော်လေး အသုံးမဝင်တဲ့ ကစားသမားပါ။ ကျွန်တော်ကတော့ သူဟာ ဘောလုံးကိုင် ကစားတဲ့ အချိန်မှာ သာမန် ကစားသမား တဦးထက် မပိုဘူးလို့ပဲ မြင်ပါတယ်။ သူ့ရဲ့ အသင်းဖော်တွေကတောင် သူ့ကို ဘောလုံးမပေးကြပါဘူး။ သူက ဒီနေ့ပွဲမှာ အဆိုးဝါးဆုံး ကစားသမားပါပဲ” လို့ ဟာလန်းကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။